KNU ထိန်းချုပ်နယ်မြေမှာ စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါးရှိလာ
2023.09.26
အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ဘေးဒုက္ခသည် ခြောက်သိန်းသုံးသောင်းကျော် (၆၃၇,၄၁၄ ဦး) ရှိလာတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်(KPSN) က ဒီနေ့ စက်တင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အာဏာမသိမ်းခင် ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KNU အကြားတိုက်ပွဲတွေကြောင့် ဒုက္ခသည် ၃၄၇၅၀၃ ဦးရှိရာကနေ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် နောက်ထပ် ဒုက္ခသည် ၂၈၉၀၀၀ ကျော်တိုးလာတာပါ။
KNU နဲ့ ပူးပေါင်းအဖွဲ့တွေ နယ်မြေတိုးချဲ့လာတာနဲ့ စစ်ကောင်စီကလည်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒုက္ခသည်တွေ ပိုတိုးလာတာလို့ KSPN က ဆိုပါတယ်။
KSPN ရဲ့ စာရင်းတွေအရ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ စစ်ဘေးဒုက္ခသည် ၂၁၆၇၅၄ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ နောက် မွန်ပြည်နယ် သထုံခရိုင်မှာ ၁၃၈၅၃၀ ဦး၊ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်-ကြာအင်းဆိပ်ကြီးမြို့နယ်တွေပါဝင်တဲ့ ဒူးပလာယာခရိုင်မှာ ၁၁၇၄၇၁ ဦး၊ တနင်္သာရီတိုင်းမှာ ၃၁၀၃၃ ဦးနဲ့ ကရင်ပြည်နယ်ဘားအံခရိုင်မှာ ၆,၉၈၉ ဦးနဲ့ ဖာပွန်ခရိုင်မှာ ၈၈၀၉၀ ဦးရှိနေပါတယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် အခြေခံစားသောက်ကုန်အပြင် ဆေးဝါး၊ အဆောက်အအုံ၊ ကျောင်းစတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။