ကယားပြည်နယ် (ကရင်နီပြည်) မှာ စစ်ကောင်စီသတင်းပေး သံသယနဲ့ ဖမ်းဆီးထားသူ ၂၄ ဦးကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အားလုံး ၂၄ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်။ ခပ်များများက စစ်ကောင်စီ အတွက် သတင်းပေး၊ သတင်းယူသူ သံသယနဲ့ ဖမ်းဆီးထားတဲ့သူတွေပါပဲ။ တကယ့် စစ်ကောင်စီတွေကို အမြဲတမ်းငွေကြေးယူပြီး ထောက်ပံ့နေတာတော့ မဟုတ်ဘူး။ စစ်ကောင်စီရဲ့ ဘက်တော်သားတော့မဟုတ်ဘူး။ တစ်နေ့လုပ် တစ်နေ့စားတွေပါတယ်။ တချို့က နေ့စားဝန်ထမ်းတွေပါတယ်။ တချို့က အမြဲတမ်းဝန်ထမ်းတွေပါတယ်။ စစ်ကောင်စီဘက်ကို သီးသန့်လုပ်ပေးနေတဲ့သူတွေ မဟုတ်ဘူး။ သူတို့ လူ့အခွင့်အရေး အရ ပြန်လွှတ်ပေးတယ်။ ဒီအတိုင်းလွှတ်ပေးတာ မဟုတ်ဘူး။ ခံဝန်ချက်တွေထိုးပြီး ပြန်လွှတ်ပေးတာ”
ပြန်လွှတ်ပေးလိုက်တဲ့အထဲမှာ ဧပြီလ ၂၁ ရက်နေ့က ဖမ်းဆီးထားတဲ့ လောပိတ မဟာဓာတ်အားလိုင်း ပြင်ဖို့ ကယားပြည်နယ်ကိုရောက်လာကြတဲ့ လျှပ်စစ်ဝန်ထမ်းတွေ၊ အလုပ်သမားတွေလည်း ပါဝင်ပါတယ် ဒါပေမဲ့ စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့သူတွေ ကိုတော့ ဆက်ဖမ်းထားတယ်လို့ ပြောပါတယ်။။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုနဲ့ လူသားချင်းစာနာထောက်ထားမှုတွေကြောင့် ဖမ်းထားတဲ့ ၁၂၆ ဦးထဲက ၂၄ ဦးကို ခံဝန်ကတိနဲ့ ပြန်လည်လွှတ်ပေးခဲ့တာလို့ KSCC က မေလ ၂၆ ရက် ဒီနေ့မှာပဲ သတင်း ထုတ်ပြန်ထားပါတယ်။
အရင်တုန်းကလည်း မော်ချီးသတ္တုမိုင်းတွင်းကိုရောက်လာတဲ့ တရုတ်နိုင်ငံသားလေးဦးနဲ့ အခြားအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာရှိတယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ပြည်သူလူထု အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့၊ နယ်မြေထိန်းချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတပ်တွေ၊ ဒလန်တွေ၊ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေအပြင် အကြမ်းဖက်မှုတွေမှာ ပါဝင်နေသူတွေနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကိုတော့ ဆက်လက်စုံစမ်းပြီး ဖမ်းဆီးထိန်းသိမ်းတာ၊ အရေးယူ တာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ KSCC က ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဒေါက်တိုင်အဖြစ် ပါဝင်နေသူတွေအနေနဲ့လည်း ပြည်သူ့အစိုးရ၊ ပြည်သူ့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြဖို့လည်း KSCC က တိုက်တွန်းထားပါတယ်။