ကော့ကရိတ်မြို့က စစ်ကောင်စီတပ်စခန်းတစ်ခုကို ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်
2024.06.22
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် စုကလိမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူပေါင်းတပ်တွေ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး ဗိုလ်မှူးကြီး တစ်ဦးအပါအဝင် ၂၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ဒူးပလာယာခရိုင်က ဇွန်လ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
KNU ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း၊ စုကလိမြို့ အခြေစိုက် စခက(၁၃) လက်အောက်ခံ၊ ခမရ(၅၆၀) တပ်ရင်းက ဗိုလ်မှူးကြီး ၀ဏ္ဏတိုးနဲ့ ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်တဲ့ စခန်းကို မတ်လ ကတည်းက လက်နက်ချဖို့ စာပေးပို့အကြောင်းကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဘက်က မလိုက်နာတာကြောင့် ဇွန်လ (၁၇) ရက်နေ့မှာ စုကလိတပ်စခန်းကို KNLA ပါဝင်တဲ့ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့မှာ စခန်းတစ်ခုလုံးကို သိမ်းယူနိုင်ခဲ့တာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများခဲ့သလို ၁၄ ဦးက ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း ဆိုပါတယ်။
တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုးအပါအ၀င် ၂၁ ဦးကိုတော့ သုံ့ပန်းအဖြစ် ဖမ်းဆီးမိခဲ့ကြောင်းနဲ့ ပူးပေါင်းအဖွဲ့ဘက်က ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စခန်းသိမ်းပိုက်ခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းမှာ နေရာအနှံ့တိုက်ပွဲတွေ နေ့စဥ် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းပိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။