ထိုင်းနိုင်ငံက အလိုရှိနေတဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့က Grand Andaman ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်ကို စစ်ကောင်စီရဲ့ ကော့သောင်းခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
ဦးကျော်လွင်ဟာ တရားမဝင် အွန်လိုင်းလောင်းကစားပြုလုပ်တာ၊ အဲဒီက ရတဲ့ငွေကြေးတွေကို အသွင်ပြောင်းလဲတာ၊ ဖုံးကွယ်တာတွေ ပြုလုပ်တယ်လို့ သံသယဖြစ်စရာ တွေ့ရတဲ့အတွက် ဥပဒေနဲ့အရေးယူဖို့ ဖမ်းဝရမ်းထုတ်လိုက်တာလို့ စစ်ကောင်စီကဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေကလည်း ဦးကျော်လွင် (ခ) Sanga Kangval အပါအဝင် လူပေါင်း ၁၈ ဦးကို အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ ဆီလုပ်ငန်းကနေ အခွန်လိမ်လည်မှု၊ ဘတ် သန်းတစ်ထောင် ငွေကြေးခဝါချမှုတွေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ထားပါတယ်။
ထိုင်းနိုင်ငံ အထူးစုံစမ်းရေးဌာန (DSI) ဝဘ်ဆိုက်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကဖော်ပြချက်အရ ထိုင်းအစိုးရထီ ပေါက်မဲရဲ့ နောက်ဆုံးနှစ်လုံးကို လောင်းကစားလုပ်တဲ့ Ruamruay Hundred Million၊ Noppakao၊ Nagarat၊ Chob Lottery၊ Lotto MM၊ DNA၊ Ye Ye စတဲ့ ဝဘ်ဆိုက်စာမျက်နှာတွေကနေ အွန်လိုင်းလောင်းကစား လုပ်ကိုင်နေတယ်လို့ဆိုပါတယ်။
ဒီထဲကမှ Lotto MM ဆိုတဲ့အမည်နဲ့ အွန်လိုင်းလောင်းကစားဟာ မြန်မာပြည်က လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ လုပ်ကိုင်ခဲ့တာကိုတွေ့ရပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ အဲဒီအွန်လိုင်းလောင်းကစား ကြော်ငြာတွေကို ထပ်ဆင့်ဖြန့်ဝေသူတွေရှိခဲ့တာကို RFA ကတွေ့ရပါတယ်။
ဒါပေမဲ့ DSI က ဖော်ပြထားတဲ့အမည်ရှိ ဝဘ်ဆိုက်တွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို RFA ကရှာဖွေခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မတွေ့ရတော့ပါဘူး။
ထိုင်းနိုင်ငံ အထူးစုံစမ်းရေးဌာန (DSI) က အဲဒီ အွန်လိုင်းလောင်းကစားလုပ်ငန်းနဲ့ ငွေကြေးခဝါချမှုတွေနဲ့ ဆက်စပ်နေတဲ့နေရာ ၂၇ နေရာကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ဝင်ရောက်စီးနင်းပြီး ဇိမ်ခံကားတွေ၊ တန်ဖိုးကြီး အသုံးအဆောင်၊ လက်ဝတ်ရတနာတွေ၊ လက်နက်တွေနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေ မတိုင်ခင် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေကို ထိုင်းနဲ့ မြန်မာ ပူးပေါင်းနှိမ်နင်းမယ်လို့ပြောခဲ့ဖူးသလို ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ပြောဆိုဖူးပါတယ်။