ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီကို ဩစတြေးလျ နိုင်ငံမှာ တရားစွဲဆိုဖို့ ပြင်ဆင်နေပြီး အချက်အလက်တွေလည်း အတော်များများ စုဆောင်းမိနေပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ ( NUG ) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
မတ်လ ၁၆ ရက်နေ့ ညပိုင်းက အွန်လိုင်းဗီဒီယိုစနစ်နဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို ပြောဆိုခဲ့တာပါ။
“ဩစတြေးလျနိုင်ငံမှာ ဒီးမော့ဆိုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ခရစ္စမတ်အကြိုည လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ တရားရုံးမှာ စစ်ကောင်စီကို ဒီအမှုအလိုက် တရားစွဲနိုင်ဖို့ ကျနော်တို့ ပြင်ဆင်နေပါပြီ။ လိုအပ်တဲ့ ဥပဒေပညာရှင်တွေ ဩစတြေးလျမှာ ဒါကို ကိုယ်စား တရားစွဲဆိုပြီး အမှုဖွင့်နိုင်တဲ့ သူတွေ ပြင်ဆင်နေပါပြီ။ အချက်အလက်တွေ စုဆောင်းနေပါပြီ။ အဲတော့ ဒါက ဩစတြေးလျနိုင်ငံမှာ တရားစွဲဆိုပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီးတော့ ပြင်ဆင်မှုပါ။ ဒါကတော့ တော်တော်ခရီးပေါက်ပြီလို့ ပြောလို့ရပါပြီ”
ဂျာမနီနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေမှာလည်း ဆက်လက်တရားစွဲဆိုနိုင်ဖို့ ဥပဒေပညာရှင်တွေ၊ ဥပဒေအဖွဲ့တွေနဲ့ ထပ်မံကြိုးစားသွားမယ်လို့ သူက ပြောပါတယ်။
NUG အစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း မိုဆိုရွာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အချက် အလက်ရှာဖွေရေးအဖွဲ့ (IIMM) ထံ သက်သေအထောက်အထားနဲ့တကွ ပေးပို့သွားမယ်လို့ NUG က ပြောကြားခဲ့ပါတယ်။
မိုဆိုဖြစ်စဉ်ကို အဓိကစုံစမ်းနေတဲ့ ကရင်နီပြည်ရဲဌာန (KSP) ကလည်း စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို သက်သေတွေ စုဆောင်းနေပြီး နိုင်ငံတကာခုံရုံး (ICC) မှာ တရားစွဲဆိုသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် ခရစ္စမတ်အကြိုနေ့မှာ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး မီးရှို့ခံထားရတဲ့ အရပ်သား ၄၂ ဦး ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ကြတာပါ။ အဲဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်နေသလို Save the Children က ဝန်ထမ်းနှစ်ဦးလည်း ပါဝင်တယ်လို့ KSP ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက ပြောဆိုထားပါတယ်။
ဒီဖြစ်စဉ်ကို ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့ တပ်မ ( ၆၆ ) နဲ့ အခြားတပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေနဲ့ ကရင်နီဒေသတွင်း လူမှုအသင်းအဖွဲ့တွေက ပြောဆိုကြပါတယ်။
စစ်ကောင်စီဘက်ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ အပြန်အလှန် ပစ်ခတ်ရာကနေ ယာဉ်တွေ မီးလောင်ခဲ့ပြီး အသက် ၂၀ အထက် PDF ၂၅ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ သတ်ဖြတ်ခံရတဲ့ အရပ်သား ၂၃၅ ဦးအထိ ရှိသွားပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN ) က မတ်လ ၁၇ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။