ကယားမှာ နေရပ်စွန့် ခွာမှုတွေ ဆက်ရှိနေဦးမယ်လို့ UNHCR ပြော

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တာကြောင့် ကယားပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေ ဆက်ရှိနေဦးမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မတ်လ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့နယ်တွေမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး လူပေါင်း ၃၃၇၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုအချိန် အထိဆိုရင် ကယားပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၉၂,၄၀၀ ဦးရှိနေ တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်တွေအနီးမှာ ဖေဖော်ဝါရီလ နှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တွေကြောင့် အနီးအနားဝန်းကျင်မှာ စစ်ဘေးဒုက္ခသည်အရေအတွက် သိသိသာသာ မြင့် တက်လာနေတယ်လို့ ကရင်နီ စစ်ဘေးရှောင် ကူညီ စောင့်ရှောက်ရေး ကွန်ရက် တာဝန်ခံ က RFA ကို ပြောပါတယ်။

“အဓိက ကတော့ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ရှိလာပြီ။ စစ်ကောင်စီဘက်ကလည်း ဖြတ်လေးဖြတ် သဘောမျိုး လုပ်ထားတာတွေ ရှိတယ်။ ပိုက်ဆံရှိရင်တောင်မှ ဝယ်စားလို့မရတဲ့ အနေအထားဖြစ်တယ်။ ဆန်တောင်မရှိလို့ ပြောင်းကောက်ကို ချက်စားနေရတဲ့ အနေအထားရှိတယ်”

ပြီးခဲ့တဲ့နှစ် မေလကတည်းက တိုက်ပွဲတွေ စတင်ခဲ့တဲ့ ဒီးမော့ဆို တစ်မြို့နယ်တည်း မှာ ဒုက္ခသည်ဦးရေ တစ်သိန်း နှစ်သောင်းကျော်ရှိပြီး ဖယ်ခုံမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေက တိုက်ပွဲတွေကြောင့် ဒုက္ခသည် နှစ်ထောင်ကျော် ရှိနေတယ်လို့ အဲဒီကွန်ရက်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

UNHCR ရဲ့ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်၊ လေးကေ့ကော်မှာလည်း ဖေဖော်ဝါရီ ၁၈ နဲ့ ၁၉ ရက်တွေမှာ အချိန်အခါ မဟုတ် မိုးသည်းထန်မှုကြောင့် ဒုက္ခသည် ငါးထောင်ခန့်နေထိုင် တဲ့ ယာယီစခန်းတွေမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူတွေဟာ လိုအပ်ချက်မြင့်တက်လာတဲ့ အစား အစာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ ရရှိရေးအတွက် မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းကူညီ ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း UNHCR က ပြောပါတယ်။

ကယားပြည်နယ်က ဒုက္ခသည်တွေဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း ဆီဆိုင်မြို့နယ်အထိ လာရောက်ခိုလှုံကြ တာတွေရှိတယ်လို့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဆီဆိုင်မြို့နယ် ဇဝနာရာမကျောင်းတိုက်က ဆရာတော် ဦးသုဝဏ္ဏက RFA ကို မိန့်ပါတယ်။

“လာတဲ့လူလည်း ရှိတယ်၊ ပြန်တဲ့လူလည်း ရှိတယ်၊ အခုတော့ နဂိုရှိတဲ့လူပဲ ထားတာ၊ လာကြတာတော့ အစုံပဲ၊ လွိုင်ကော်လည်းပါတယ်၊ ဒီးမော့ဆို၊ ဖရူဆို၊ အစုံပါပဲ။ ဦးပဥ္ဇင်းတို့ကတော့ နေစရာပေးတယ်ပေါ့။ တစ်နေ့ကို သုံးကြိမ်ကျွေးတယ်။ ဒီအချိန်ကျတော့ နွေဝင်လာတဲ့အခါကျတော့ ဟင်းအမယ်တစ်ခုပဲ အခက်အခဲ ဖြစ်တာပေါ့”

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၄,၇၀၀ ကျော်နဲ့ လွိုင်ကော် မြို့နယ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းကို ထွက်ပြေးခဲ့ကြရတဲ့ ၇,၀၀၀ ခန့်ဟာ မူလနေရာတွေဆီကို ပြန်လာခဲ့ကြ တယ်လို့လည်း UNHCR ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

UNHCR က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး အခုနှစ် ဖေဖော်ဝါရီအထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ တိုက်ပွဲနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၂၄,၀၀၀ ကျော်အထိ ရှိနေပါတယ်။