ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အင်းအရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေကြောင့် မေလ အတွင်း စစ်ဘေးဒုက္ခသည် ဦးရေ ၅၀၀၀ ခန့် ထပ်တိုးလာခဲ့ပြီး ကယား (ကရင်နီ) ပြည် တစ်ခုလုံးမှာ စုစုပေါင်း ဒုက္ခသည် ဦးရေ နှစ်သိန်းကျော် ရှိနေတယ်လို့ ကရင်နီလူမှု အသင်းအဖွဲ့များကွန်ရက် KCSN က ပြောပါတယ်။
KCSN က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂,၁၁၅ ရှိတယ်လို့ မေလ ၃၀ ရက် မနေ့က ကရင်နီပြည်နယ်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း သတင်း စာရှင်းလင်းပွဲမှာ (KCSN) ညှိနှိုင်းရေးမှူး ခူးကိုရယ်က ပြောပါတယ်။
“ကျနော်တို့ ပြုစုထားတဲ့ စာရင်းအရ တောထဲမှာ နေတဲ့သူရှိတယ်။ တချို့ဆို ရွာတော့ ပြန်လာနေကြတယ်။ လွိုင်ကော်မှာဆို တချို့က ရှမ်းပြည်နယ်ဘက်သွားနေကြပြီး ပြန်လာနေသူ တချို့ရှိတယ်။ တိုက်ပွဲအမြဲဖြစ်တဲ့ မြို့နယ်တွေကတော့ လူတွေပြန် မလာနေကြသေးဘူး။ စစ်ကောင်စီက လူထုတွေကို ဆန့်ကျင်တဲ့သူတွေနဲ့ပဲ မြင်တော့ တွေ့သမျှဖမ်းတာဆိုတော့ လူထုတွေလည်း စိုးရိမ်ပြီး ပြန်မလာရဲကြဘူး။ မြေမြှုပ်မိုင်း တွေကလည်းရှိတော့ ပြန်မလာနေရဲကြဘူး”
လက်ရှိမှာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ဟာ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်လို့လည်း ကရင်နီလူ့အခွင့် အရေး (KnHRG) ညွှန်ကြားရေးမှူး ဦးဗညားက ပြောပါတယ်။
“ဒီးမော့ဆိုမြို့မှာ ဘယ်သူမှမရှိ၊ အနီးအနား ရွာကလည်းမရှိ၊ လူမှုစီးပွားပျက်သုဉ်းနေပါ ပြီ။ တစ်ချိန်တည်း စားနပ်ရိက္ခာက အခုချိန်ဆို နှစ်လဆိုကုန်ပြီ။ ဒီးမော့ဆိုအနောက် ဘက်ခြမ်းမှာဆို ဝမ်းလျှောဝမ်းပျက်နဲ့ သေဆုံးရတဲ့ ကလေးငယ်တွေ ရှိခဲ့တယ်။ ဒါက ဆေးတွေရှိနေမယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ကုသလို့ရနိုင်တဲ့ ကိစ္စပါ”
လယ်သမားတွေက လယ်ပြန်လုပ်လို့မရတာတွေ၊ စစ်ကောင်စီက လူထုတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ၊ စစ်ဘေးဒုက္ခသည်တွေရဲ့ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုမရ တော့တာတွေ၊ လေယာဉ်ကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုတွေ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာတွေ၊ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူတွေနေအိမ် မီးရှို့ဖျက်ဆီးတာတွေ စတဲ့ လူ့အခွင့် အရေးချိုးဖောက်ခံနေရတယ်လို့ ဦးဗညားက ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ဘေးဒုက္ခသည်တွေကို လူသား ချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ NGO၊ INGO အဖွဲ့အစည်းတွေနဲ့ သဘောတူချမှတ် ထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း အကူအညီတွေ အားလုံးပျံ့နှံ့ရောက်ရှိအောင် လုပ်သွား မယ်လို့ RFA ကို ပြောထားပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီး တစ်နှစ်အတွင်း အရပ်သားတွေ သတ်ဖြတ်ခံရတာ ၂၄၉ ဦး၊ အရပ်သား ထိခိုက်ဒဏ်ရာရတာ ၁၉၈ ဦးနဲ့ အရပ်သား အဖမ်းခံရတာ ၃၂၀ ဦး ရှိနေပြီလို့ KCSN ပြုစုထားတဲ့စာရင်းကို ထုတ်ဖော်ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က KCSN ရဲ့ ထုတ်ပြန်ချက်မှာ ကယား (ကရင်နီ) ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် စုစုပေါင်း နှစ်သိန်းနီးပါး ရှိနေပြီလို့ ထုတ်ပြန်ခဲ့ ပါတယ်။