ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်နေပြီလို့ KNU ပြော

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်နေပြီလို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က RFA ကို ပြောပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူ တစ်သိန်းကျော် ရှိရာကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကစပြီး ပြန်ဖြစ်လာတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးနေရသူ ၇ သောင်းကျော်ရှိလာတဲ့အတွက် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော် ရှိနေပြီ ဖြစ်လို့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ပြောပါတယ်။

"စစ်အာဏာသိမ်းပြီးတဲ့နောက် နောက်ထပ်တိုးလာတဲ့အားလုံးသော အသစ် IDP တွေက ခုနှစ်သောင်းလောက်ထိ ရှိပါတယ်။ဒါပေမဲ့ ခရိုင်အားလုံးမှာ ရှိနေတဲ့ IDP တွေနဲ့ ပြန်ပေါင်း လိုက်တဲ့အခါမှာ ကျနော်တို့ခရိုင် ခုနှစ်ခုစလုံးမှာ IDP တွေ နှစ်သိန်းကျော်သွားပြီ"

မတ်လ ၁ဝ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးသံတမန် လည်းဖြစ်၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ လည်းဖြစ်တဲ့ မစ္စတာ ဆာဆာကာဝါနဲ့ KNU ဥက္ကဌတို့ တွေ့ဆုံဆွေးနွေးမှုမှာလည်း ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတာကိုလည်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့ထိ ကရင်ပြည်နယ်အတွင်း KNU ထိန်းချုပ်တဲ့ တပ်မဟာ ၇ ခုလုံးမှာ စစ်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို၊ လေးကေ့ကော်ဒေသမှာလည်း စစ်ကောင်စီ တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပဒိုစောတောနီး ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသိန်းသုံးထောင်အထိ ရှိလာပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မတ်လ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒီစာရင်းဟာ ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူအရေအတွက်သာဖြစ်ပြီး ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကို ထွက်ပြေးနေရသူ အရေအတွက် မပါဝင်ပါဘူး။