ALP က ခိုင်မျိုးထွန်း လွတ်မြောက်


2018.02.22
khaingmyotun-alp-622.jpg ပြန်လည်လွတ်မြောက်လာတဲ့ ALP ပြန်ကြားရေး ဒုတာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်း ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ပြန်ကြားရေး ဒုတာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်းဟာ ပြစ်ဒဏ်ရက်စေ့တဲ့အတွက် ဒီနေ့ မနက်က ပြန်လည်လွတ်မြောက် လာပါတယ်။

ရခိုင်ပြည်နယ် သယံဇာတအရေး လှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ လွတ်မြောက်လာတဲ့ ဗိုလ်မှူး ခိုင်မျိုးထွန်း က ပြောပါတယ်။

"ကျနော်က NCA မှာ လယ်ယာမြေနဲ့ သယံဇာတ အထူးကိုယ်စားလှယ်ပေါ့နော်၊ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ကွန်ရက်မှာ ကျနော်က ပြောရေးဆိုခွင့်ရှိသူပေါ့၊ ဒါတွေကို ကျနော်ဆက်လုပ်မှာပါ"

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တွေဘက်မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မြန်မာ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိနေတယ်ဆိုပြီး ALP က ကြေငြာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

ဒီကြေငြာချက်ကြောင့် ALP ရဲ့ ပြန်ကြားရေး ဒုတာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်းကို စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်က ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(ခ)(ဂ) တွေနဲ့ တရားစွဲဆိုပြီး စစ်တွေမြို့နယ် တရားရုံးက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ထောင်ဒဏ် တစ်နှစ်ခွဲကျခံဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အမှုစစ်ဆေးနေစဉ် ချုပ်ရက်တွေကို တရားရုံးက ထုတ်နှုတ်ခံစားခွင့်ပြုခဲ့တာကြောင့် သူ့အနေနဲ့ ပြစ်ဒဏ်ချမှတ်ခံရ အပြီး အချိန် ၄ လကျော်အကြာမှာ ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။