တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်မှာ ဆန်ရိက္ခာတွေရှားပါးပြီး ဆန်တစ်အိတ်ကို တစ်သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
တရုတ်ပြည်ကလာတဲ့ နို့ဆီဗူး ၈၀ ပါပြီး ၄၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဆန်တစ်အိတ်ကို ကျပ် ၁ သိန်းကျော် ပေါက်ဈေးရှိနေတာတောင် ရောင်းတဲ့သူက အမြဲမရှိဘူးလို့ ခေါင်လန်းဖူးမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလေး က RFA ကို ဒီကနေ့ပြောပါတယ်။
"အခုဒီမြစ်ကြီးနားမှာက ကျွန်တော်တို့ ဆန်တစ်အိတ်ဆိုတာက အများဆုံးလေးသောင်းပေါ့နော်၊ သုံးသောင်းကျော် အဲ့လောက်ပဲရှိတာပေါ့။ ဒါပေမဲ့ ဟိုဘက် ခေါင်လန်ဖူးမှာကျတော့ ဒီက ဆန်တစ်အိတ်ကို ဟိုဘက်က နှစ်အိတ်စာရှိတာပေါ့။ အဲ့အခါကျတော့ သူ့ရဲ့ ဈေးနှုန်းက အများကြီး။ ခေါင်လန်းဖူးမှာ (နို့ဆီဗူး)ခွက် ရှစ်ဆယ်ရှိတဲ့ ဒီ ၄၅ Kg တစ်အိတ်ကို ဟိုမှာ တစ်သိန်းကျော်ပေးရတာပေါ့။ နို့ဆီခွက် တစ်ခွက်ကို ထောင့်ငါးရာလောက် သွားကျနေတာပေါ့။ ဒါတောင်မှ အမြဲတမ်းရောင်းတဲ့လူ မရှိပါဘူး။"
ခေါင်လန်ဖူးဒေသက ပြည်သူတွေဟာ တရုတ်-မြန်မာ နယ်ခြားမှတ်တိုင်အမှတ် ၃၀ ၊ ၃၁ ၊ ၃၅ စတဲ့ လမ်းကြောင်းတွေကတဆင့် တရုတ်ပြည်က ဆန်တွေကို တင်သွင်းဝယ်ယူပြီး အဓိက စားသုံးနေရတာလို့ ဆိုပါတယ်။
အစိုးရက ပြီးခဲ့တဲ့နှစ်ကစလို့ အဲဒီနယ်စပ်လမ်းကြောင်းတွေကနေတဆင့် တရားမဝင်သစ်တွေကို တရုတ်ပြည်ဘက် သယ်ယူခွင့် ကန့်သတ်လိုက်တဲ့ နောက်ပိုင်း ဆန်ရိက္ခာ သယ်ယူခွင့်တွေ ခက်ခဲလာတာပါ။
အခုဆို လူတစ်ဦးကို ၄၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဆန်နှစ်အိတ်ပဲ တရုတ်ဘက်က သယ်ခွင့်ပြုတော့တယ်လို့ ဆိုပါတယ်။ ဒါဟာ တရုတ်အစိုးရက ကန့်သတ်တာမဟုတ်ဘဲ မြန်မာပြည်က သစ်သယ်ခွင့်မရလို တရုတ် ကုမ္ပဏီတွေက နယ်စပ်လမ်းကြောင်းတွေကို ထိန်းချုပ်လိုက်တာလို့ သိရပါတယ်။
လတ်တလောမှာ ဆန်ရိက္ခာသယ်ယူခွင့် ကန့်သတ်တာအပြင် စက်သုံးဆီတွေကိုလည်း လွတ်လပ်စွာ သယ်ယူခွင့်မရှိတော့ဘူးလို့ ပြောပါတယ်။
ပူတာအိုကနေ ခေါင်လန်ဖူးကိုသွားရင် လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ သီတင်းတပတ်၊ ၁၀ ရက်ကြာလေ့ရှိပြီး တရုတ်နိုင်ငံ ဟူကောခရိုင်ကနေဆို သုံးလေးရက်ခရီးသာ ကြာတာကြောင့် တရုတ်ပြည်ကနေပဲ ဆန်ရိက္ခာနဲ့ အခြေခံပစ္စည်းတွေကို ဝယ်ယူအသုံးပြုတာဖြစ်တယ်လို့ သိရပါတယ်။
ဝေးလံခေါင်သီတဲ့ မြန်မာပြည်မြောက်ဖျား ခေါင်လန်ဖူးဒေသမှာ အရင်နှစ်တွေတုန်းကလည်း ဆန်နဲ့ အခြေခံ ကုန်ပစ္စည်းတွေဈေးနှုန်းကြီးမြင့်ပေမဲ့ ဒီနှစ်မိုးတွင်းမှာ ပိုဆိုးလာတယ်လို့ ပြောကြပါတယ်။
ခေါင်လန်ဖူးမြို့နယ်မှာ နိုင်ငံ့ဝန်ထမ်းငါးရာကျော် အပါအဝင် လူဦးရေ စုစုပေါင်း ၁ သောင်းကျော်နေထိုင်ပါတယ်။