နေအိမ်တစ်ရာကျော် မီးရှို့ခံရပြီး သေဆုံးသူ သုံးဦးရှိတယ်လို့ ခင်ဦးဒေသခံတွေ ပြော

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ဒါန်းကုန်းကျေးရွာနဲ့ မှန်တောကျေးရွာတို့ကို စစ်ကောင်စီတပ် တပ်မ ၇၇ လက်အောက်ခံ အင်အား ၈ဝ လောက်ဟာ မတ်လ ၅ ရက် မနေ့က ဝင်ရောက် ခဲ့ပြီးနောက် အိမ်တွေမီးရှို့ ခံခဲ့ရပြီး ကျွန်းလည်ကျေးရွာက တော့ မတ်လ ၆ ရက် ဒီကနေ့ မနက်မှာ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဒါန်းကုန်းကျေးရွာနဲ့ မှန်တောကျေးရွာကို စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်လာပြီး အိမ်တွေ တပြိုင်တည်း မီးရှို့ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒါန်းကုန်းကျေးရွာသား တစ်ယောက်က RFA ကို ပြောပါတယ်။

“မှန်တောကို ရောက်နေတဲ့ အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အဲဒါပြီး နာရီဝက် လောက် နေတော့ အရှေ့ဖျားကနေ ဒါန်းကုန်းကို မီးတစ်ကြိမ် ထပ်ရှို့တယ်။ အဲဒီအချိန်မှာလည်း သူ့ရဲ့အရှေ့တောင်ထောင့်က မှန်တောရွာကို ထပ်ပြီးပစ်တယ်။ လတ်တလောတော့ သူတို့ စစ်ကြောင်းထိုးလာကတည်းက ထွက်ပြေးကြတာ ပစ္စည်းတွေ အကုန်ထားခဲ့ရတာပါပဲ လတ်တလောတော့ ပိတ်မိနေတာ မကြားရ သေးဘူး”

လက်နက်ကြီး ထိမှန်တာကြောင့် ရွာသားတစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရှိပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ဒါန်းကုန်းကျေးရွာမှာ အိမ်ခြေ ၁၂ဝ ဝန်းကျင်ရှိပြီး အိမ်အလုံးပေါင်း ၇ဝ ခန့်မီးလောင်ခဲ့ကာ အိမ်အလုံး ၁ဝဝ ဝန်းကျင်ရှိတဲ့ မှန်တော ကျေးရွာမှာလည်း အိမ်ခြေ ၅ဝ လောက် မီးလောင် ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မနက် မီးရှို့ခံနေရတဲ့ ကျွန်းလည်ရွာမှာတော့ လတ်တလော စာရင်းအရ အိမ်နှစ်လုံး မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မပြေးနိုင်ဘဲ ကျန်နေတဲ့ မှန်တောရွာက ကျန်းမာရေး မကောင်းသူတွေဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် ဦးမြင့်ဆွေ၊ အသက် ၂၇ နှစ်အရွယ် ကိုမျိုးကျော် နဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး မီးလောင်သေဆုံးနေတာကို ဒီကနေ့ နေ့လယ်မှာ တွေ့ခဲ့ရတယ် လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

အဲဒီရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ပြီး နေအိမ်တွေ မီးရှို့ခံခဲ့ရတာနဲ့ ဒေသခံ သုံးဦး မီးလောင်သေဆုံးရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစား နေပါတယ်။ ဗိုလ်ချုပ် ဇော်မင်းထွန်းက နေအိမ်တွေကို မီးရှို့တာ သူတို့လက်ချက် မဟုတ်ဘူးလို့ အရင်က ငြင်းဆို ဖူးပါတယ်။

"အခုလိုမျိုး ရက်ရက်စက်စက် လုပ်တာကတော့ လုံးဝကို ခွင့်မလွတ်နိုင်တဲ့ အနေအထားပါ"

စစ်ကောင်စီတပ်တွေ ရွာတွေထဲ ဝင်လာတဲ့အပြင် နေအိမ်မီးရှို့ခံရတာတွေ ရှိနေတာကြောင့် မီးရှို့ခံရတဲ့ ရွာတွေအနီးက ရွာပေါင်း ဆယ်ရွာလောက်က ဒေသခံတွေလည်း တိမ်းရှောင် နေရတယ်လို့ အင်းပတ်ကျေးရွာက ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ထွက်ပြေးတိမ်းရှောင် နေကြရတာ အဲဒီနားက ရွာစဉ်တစ်လျှောက် တော်တော်များ တယ်။ လွတ်မြောက်ရာကို တိမ်းနေရတာ ၁၀ ရွာအနည်းဆုံးပဲ၊ မဖြစ်သင့်တာတွေကို အခုလိုမျိုး ရက်ရက်စက်စက် လုပ်တာကတော့ လုံးဝကို ခွင့်မလွတ်နိုင်တဲ့ အနေအထား ပါ၊ စစ်ကောင်စီက တော်လှန်ဖို့ အင်နဲ့အားနဲ့ပိုလာမှာပါ၊ ကျွန်တော်တို့ကို အခုလိုမျိုး မတရားညှဉ်းပန်းနှိပ်စက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ တိုင်းသိပြည်သူသိ ဖြစ်စေချင်ပါတယ်"

မီးရှို့ခံရတဲ့ ရွာတွေအပါအဝင် အောင်သာ၊ ကုန်းသာ စတဲ့ရွာတွေနဲ့ အနီးဝန်းကျင်က ရွာပေါင်း ၁ဝ ရွာ လောက်က ဒေသခံ ၅ဝဝဝ လောက်ဟာ တောတွေနဲ့ ဘုန်းကြီး ကျောင်းတွေမှာ တိမ်းရှောင်နေကြရပြီး ရွာတွေထဲ ပြန်မဝင်ရဲကြဘူးလို့ ပြောပါတယ်။

hman taw village fire
(ခင်ဦးမြို့နယ် မှန်တောရွာက မီးရှို့ဖျက်စီးသွားတဲ့ နေအိမ်အချို့ကို ၂၀၂၂ မတ် ၆ ရက်နေ့က တွေ့ရစဉ် ) Photo: CJ

ခင်ဦးမြို့နယ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ကိုမင်းသွင်ကတော့ စစ်ကောင် စီတပ်နဲ့ လက်နက်ခြင်းမမျှလို့ ရှောင်နေရတဲ့အတွက် ရွာတွေလည်း မီးရှို့ခံနေရတယ်လို့ ပြောပါတယ်။

“လက်နက်ခြင်း မမျှတော့ ရှောင်ပေးရတဲ့အတွက် ရွာသုံးရွာကို မီးရှို့တယ်၊ မနေ့ညနေက ဒါန်းကုန်း၊ ညပိုင်း မှန်တော ရှို့ခံရတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်က မိုက်ရိုင်းလွန်းတော့ ပြောစရာစကား မရှိပါဘူး။ ဘာနဲ့နှိုင်းရမလဲကို မသိပါဘူး၊ မီးရှို့ခံရတဲ့သူတွေကိုတော့ ရသမျှကယ်ထုတ်ပြီး ကူညီပေးနိုင်သလောက် ကူညီပေး နေပါတယ်"

မနေ့ ညနေပိုင်းက မီးလောင်ခဲ့တဲ့ ဒါန်းကုန်းကျေးရွာဟာဆိုရင် ဒီကနေ့ မနက်အထိ မီးငြှိမ်းမယ့်သူ မရှိဘဲ နေအိမ်တွေ မီးလောင်ကျွမ်းနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ မတ်လ ၁ ရက်အထိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းနဲ့ ကယား စတဲ့ ဒေသတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မီးရှို့လို့ နေအိမ်ပေါင်း ၆၁၅၈ လုံး မီးလောင်ခဲ့တယ်လို့ Data For Myanmar အဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။