စစ်ကိုင်းတိုင်း ခင်ဦးနဲ့ တန့်ဆည်မြို့နယ်ထဲက ရွာနှစ်ရွာမှာ မေလ ၂၉ ရက် မနေ့က တစ်ရက်တည်းမှာတင် အိမ်ခြေ ၈၅ လုံး မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီထဲမှာ ခင်ဦးမြို့နယ်၊ သရက်ကုန်းရွာက အိမ် ၇၅ လုံး၊ တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းရွာက အိမ် ၁၀ လုံးတို့ ဖြစ်ပါတယ်။
မေလ ၂၉ ရက် မနက်ပိုင်းမှာ ပျုစောထီးဆိုသူတွေရှိရာ ပျဉ်ထောင်ကျေးရွာဆီ စစ်သား အင်အား ၅၀ ခန့် နဲ့ရောက်လာပြီး နောက်ထပ်ပူးပေါင်းအင်အား ၁၀၀ ခန့်နဲ့ ခင်ဦးမြို့နယ်၊ သရက်ကုန်းကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာလို့ ဒေသခံတွေက ပြောပြပါတယ်။
သရက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် အိမ်ခြေ ၇၅ လုံးခန့် မီးလောင် ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူပဲ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းရွာကိုလည်း စစ်ကောင်စီတပ်အင်အား ၁၅၀ ဝန်းကျင်က မနေ့ကမနက်ပိုင်းမှာ တိုက်ပွဲမရှိဘဲ ဝင်ရောက်စီးနင်းရာကနေ အိမ် ၁၀ လုံး မီးလောင် ကျွမ်းခဲ့တယ်လို့ တန့်ဆည်ဒေသခံက ပြောပါတယ်။
" ကျွန်းတောကုန်းရွာက အိမ်ခြေ ၁၀ လောက် မနေ့က ရှို့တာ လောင်သွားတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ စစ်သား ၁၅၀ လောက်က အဲဒီ ကျွန်းတောကုန်း ရွာရယ်၊ အောင်ချမ်းသာရွယ်ရယ်၊ အုတ်ဖိုအိုင်ရွာရယ်၊ ချောင်းဆုံရွာရယ် လေးရွာမှာ ခွဲပြီး ထားတယ်လို့ သိရတယ်ဗျ။ လက်နက်ကြီးက အောင်ချမ်းသာရွာဘက်ကို ပစ်တာ။ အခု အဲဒီဘက်မှာဗျ "
ကျွန်းတောကုန်းရွာဟာ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး အဲဒီကဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေ ကြရတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အိမ်ပေါင်း တစ်သောင်းတစ်ထောင် ကျော်ဟာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းထဲက အိမ်ခြေ ၇၅၀၀ ကျော် ပါဝင်နေတယ်လို့ Data For Myanmar ရဲ့ မေလ ၁ ရက်နေ့အထိ စာရင်းတွေအရ တွေ့ရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်းထဲက ခင်ဦးမြို့နယ်အပါအဝင် မြို့နယ် ရှစ်ခုကို ဖုန်းလိုင်းတွေ ဖြတ်တောက်ခဲ့ပြီး မနေ့ကလည်း စစ်ကိုင်း၊ မကွေးက မြို့နယ် ၁၀ ခုကို ဖုန်းလိုင်းတွေ ဖြတ်တောက်ခဲ့ပါတယ်။