လူ့အခွင့်အရေးချိုးဖောက်မှုတွေ ချက်ချင်းရပ်ဖို့ ခူမီးအဖွဲ့ တောင်းဆို

Updated 01:11 AM, June 06,2024

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေတာတွေ ချက်ချင်းရပ်တန့်ဖို့ ရက္ခိုင့်တပ်တော် (AA) ကို ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း(GKO) က ဇွန် ၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ရခိုင်လူမျိုးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ပလက်ဝမြို့မှာ ပြောင်းရွှေ့အခြေချနေစေတာဟာ ချင်းလူမျိုးစုတွေကို ပျောက်ကွယ်အောင် လုပ်ဆောင်နေတာဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတာပဲလို့ ဇွန် ၄ ရက်နေ့ ကြေညာချက်မှာ စွပ်စွဲထားပါတယ်။

ချင်းတိုင်းရင်းသားတွေကို ကာကွယ်ပေးဖို့ လိုအပ်နေတဲ့အတွက် အခုလိုတောင်းဆိုတာလို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း(GKO) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်ဖြစ်တဲ့အတွက် လူ့အခွင့်အရေးအနေနဲ့ နိုင်ငံတကာဥပဒေအရ AA ခေါင်းဆောင်တွေကို ဆောင်ရွက်ပေးစေချင်တယ်။ အခု ပလက်ဝတစ်နယ်လုံးဟာ ဟိုထွက် ဒီထွက်တောင် ကျွန်တော်တို့အတွက် အရမ်းခက်ခဲနေတယ်။ ကမ္ဘာ့ကုလသမဂ္ဂပဲဖြစ်ဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းတွေက လုပ်ခိုင်းစေချင်တယ်။”

ဒီနှစ် ဧပြီလကစပြီး ပလက်ဝဒေသခံ အသက် ၁၈ နှစ်ကနေ ၄၀ နှစ်အတွင်း ချင်းအမျိုးသားတွေကို AA အတွက် စစ်မှုထမ်းဖို့ စာရင်းကောက်ခံနေတဲ့အတွက်လည်း ဒေသခံချင်းအမျိုးသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ခူမီးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းရဲ့ ကြေညာချက်မှာ AA တပ်ဖွဲ့ဝင်တွေဟာ ပလက်ဝမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးနေတာ၊ ဒေသခံချင်းလူမျိုးတွေအပေါ်မှာ အကြမ်းဖက်တာ၊ အမျိုးသမီးတွေကို ဖမ်းဆီးအဓမ္မပြုကျင့်တာတွေ ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ AA တပ်ဖွဲ့ဝင်တွေ ပြစ်မှုကျူးလွန်နေတာတွေကို စုံစမ်းစစ်ဆေးဆောင်ရွက်ပေးဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်နေတာတွေကို ရပ်တန့်အောင် ဖိအားပေးဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်က ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့လည်း တောင်းဆိုထားပါတယ်။ AA နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့လည်း ချင်းလက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။

ဒီကြေညာချက်ပါ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဒါဟာ ခူမီးလူမျိုးစုတွေကို ကိုယ်စားပြုပြီး ထုတ်ပြန်ထားတာမဟုတ်ဘဲ စွပ်စွဲပြောဆိုထားတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

“နော်ဝေးမှာနေတဲ့ CNF အဖွဲ့ဝင်တစ်ယောက်က ကျွန်တော်တို့ အဖွဲ့အစည်းကို မလိုမုန်းထားပြီး မဟုတ်မမှန် လုပ်ကြံပြီးတော့မှ စွပ်စွဲတိုက်ခိုက်နေတာသာဖြစ်ပါတယ်။ သူစွပ်စွဲထားသလို မြေပြင်မှာ ဘာမှဖြစ်တာမရှိဘူး။ ဒါကြောင့် ထူးထူးခြားခြား မှတ်ချက်ပေးစရာမရှိပါဘူး။”

(မှတ်ချက်။ AA ပြောခွင့်ရသူ ဦးခိုင်သုခ၏ တုံ့ပြန်ချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)