ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲပြင်းထန်

ခက်မာ (ဝါရှင်တန် ဒီစီ)
2021.07.30

ကချင်ပြည်နယ် မိုင်းကောင်းနဲ့ ကာမိုင်းမြို့အကြားမှာ စစ်တပ်က တပ်စွဲထားတဲ့ မရန်တောင် စစ်ဆေးရေးဂိတ် ကို ဒီကနေ့ ဇူလိုင် ၃၀ ရက်မနက် ၁ နာရီဝန်းကျင်လောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြု ပြောဆိုပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်တပ်နဲ့ KIA အကြား ထိတွေ့ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေကို အတိအကျ မသိရသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

" စစ်ကောင်စီရဲ့ အမှတ် ၅၈ တပ်ရင်းဘက်မှာ KIA ကနေပစ်လို့ တိုက်ပွဲဖြစ်တာ ရှိပါတယ်။ မနေ့က ညသန်းခေါင်မှာတော့ လီဒိုလမ်းပေါ့ မရန်တောင်ဆိုတဲ့ ဂိတ်မှာ တိုက်ပွဲဖြစ်တာရှိပါတယ်။ မိုးကောင်း မှာလည်း တိုက်ပွဲဖြစ်တာ ရှိပါတယ်။ ရှမ်းမြောက်ဘက်မှာလည်း မူဆယ် နဲ့ ကွတ်ခိုင်ကြား ပြည်ထောင်စု လမ်းမမှာ နှစ်နေရာလောက် တိုက်ပွဲဖြစ်တာရှိပါတယ်။ နောက် မုံးကိုးဒေသမှာလည်း KIA နဲ့ အမှတ် ၃၆ တပ်ရင်းနဲ့ဖြစ်တာရှိပါတယ် "

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတချို့မှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြား စစ်ရေးတင်းမာနေပြီး၊ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

" ကုမ္ပဏီမှာ လုပ်နေတဲ့ အလုပ်သမားတစ်ဦး လက်နက်ကြီးထိမှန်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ် "

မနေ့ည ၁၀ နာရီလောက်ကလည်း မြစ်ကြီးနားမြို့အနီးက ဝိုင်းမော်မြို့ အခြေစိုက် စစ်တပ်ရဲ့ ခလရ ၅၈ နဲ့ KIA အကြား တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လဘန်ကျေးရွာက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ နောက်ထပ်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ မဇင်မာအေးက ပြောပါတယ်။

" ကျွန်မတို့ ၅၈ တပ်ရင်းပေါ့နော် ဝိုင်းမော်အထွက် မဒိန်ရွာ ၅၈ တပ်ရင်းကို KIA ကတိုက်တာလို့ ယူဆရတာပေါ့၊ ည ၁၁ နာရီခွဲလောက်မှာ ရပ်သွားတယ်။ အဲဒီအချိန်မှာ အဲဒီနားက ကုမ္ပဏီမှာ လုပ်နေတဲ့ အလုပ်သမားတစ်ဦး လက်နက်ကြီးထိမှန်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ် "

ကချင်ပြည်နယ်မှာ အခုလို တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေချိန်မှာပဲ စစ်သားတွေနဲ့အတူ စစ်လက်နက် ပစ္စည်းတွေ တင်ဆောင်ထားတဲ့ စစ်သင်္ဘော ခုနစ်စီးဟာ ဇူလိုင် ၂၃ ရက်နေ့မှာ မန္တလေးတိုင်း မတ္တရာမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဆန်တက်သွားတာ မြင်တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြစ်ကြောင်းတစ်လျောက် နေထိုင်သူတွေက RFA ကို ပြောပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာတာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့ပြီး၊ ဇူလိုင် ၂၆ ရက်နေ့က ရွေကူမြို့နားရောက်လာတဲ့ အဲဒီစစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပေမယ့် နောက်ကြောင်း ပြန်လှည့်သွားအောင်တော့ မတားဆီးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ကချင်ဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

စစ်တပ်ရဲ့လက်တလော စစ်ရေးရည်မှန်းချက်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်က KIA လက်ထဲ ကျရောက်သွားတဲ့ ကချင်ပြည်နယ် လိုင်ဇာအနီးမှာရှိတဲ့ အလော့ဘွမ်ဗျူဟာကုန်းကို ပြန်လည်ရယူဖို့ဖြစ်တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ KIA ကို စစ်ရေးအရ ဖိအားပေးနိုင်ဖို့ဆိုရင် ဒီဗျူဟာကုန်းဟာ စစ်တပ်အတွက် အလွန်အရေးပါနေတယ်လို့ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

" KIA ရှုံးနိမ့်ကြောင်းပြချင်တယ်ဆိုရင် လိုင်ဇာကို ‌ချေမှုန်းနိုင်ဖို့ကြိုးစားရမှာကို အဲဒီစခန်းကို လက်လွှတ် ဆုံးရှုံးလိုက်တာဟာ လိုင်ဇာကို စစ်တပ်အနေနဲ့ ဖိအားပေးဖို့က ဆုံးရှုံးသွားတာဖြစ်တဲ့အတွက် ဘယ်လောက် တန်ဖိုးပေးရပေးရ ပြန်တိုက်မယ်ဆိုပြီးတော့ ဗန်းမော်ကနေတစ်ဆင့် အင်အားတွေ အဆက်မပြတ်ပို့တယ် တစ်ခါပို့ရင် အင်အား ၈၀၀ လောက်ရှိတယ် "

အလော့ဘွမ်ဗျူဟာကုန်းကို ၁၉၈၇ ခုနှစ်မှာ စစ်တပ်က KIA ဆီကနေ သိမ်းယူခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ်၊ မတ် ၂၅ ရက် မနက် ၅ နာရီတော့ KIA က သူတို့ရဲ့စခန်းကို ပြန်ပြီးသိမ်းယူနိုင်ခဲ့ပါတယ်။

kia-soldier.jpg
KIA တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်

စစ်ကောင်စီဘက်က ဒီစခန်းကို ဆုံးရှုံးသွားတာဟာ KIA အပေါ် စစ်ရေးအရ ဖိအားပေးနိုင်မှုကို လျော့ကျ စေတာကြောင့် ဒီစခန်းကို ပြန်ရဖို့ စစ်ကောင်စီဘက်က အားစိုက်ကြိုးပမ်းနေတာလို့လည်း နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကတော့ ကချင်ပြည်နယ် မိုင်ဂျာယန်နဲ့ လိုင်ဇာမှာ ကိုဗစ်လူနာတွေကို ဆေးကုသမှုပေးရေးနဲ့ ရောဂါထိန်းချုပ်ရေး KIA ဘက်က လုံးပန်းနေတာကို အခွင့်ကောင်း ယူပြီး စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ အချိန်ကိုက် လုပ်ဆောင်လာတယ်လို့ RFA ကို ပြောပါတယ်။

ဇူလိုင် ၁ ရက်ကနေ ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့အထိ RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ကချင်ပြည်နယ် လိုင်ဇာ၊ ဝိုင်းမော်၊ ဖားကန့်၊ ရွှေကူ၊ မိုးမောက်၊ မိုးညှင်း၊ မိုးကောင်း၊ ရွှေကူ၊ ရှမ်းပြည်နယ် ကွတ်ခိုင်၊ မုံးကိုးနဲ့ စစ်ကိုင်းတိုင်း ကသာမြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KIA အကြား တစ်လနီးပါးအတွင်း တိုက်ပွဲအကြိမ်၂၀ ခန့် ဖြစ်ပွားခဲ့ပါတယ်။

ဒီလိုတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့သူပေါင်း တစ်သောင်းကျော်လောက်ရှိတယ်လို့ ကချင်ဒေသအတွင်း စစ်ပြေးဒုက္ခသည်အရေး ကူညီသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။