မြစ်ကြီးနား ၂၁ မိုင် စုပေါင်းဂိတ်ကို KIA ဝင်တိုက်

ဒီနေ့ မနက်အစောပိုင်း လေးနာရီလောက်က မြစ်ကြီးနားမြို့နယ် ၂၁ မိုင် ဌာနဆိုင်ရာ စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်ပြီး အဲဒီဂိတ်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီလမ်းပိုင်းအနီးက မရမ်းရွာမှာနေတဲ့ ဒေသခံက ပြောပါတယ်။

“ မနက် ၄ နာရီကျော်ကျော် ၄ နာရီ ၁၅ မိနစ်လောက်မှာ စပြီးလာပစ်တယ်။ တိုက်ပွဲ ဖြစ်တယ်။ မနက် ၅ နာရီကျော်လောက် အထိ။ မနက်လင်းခါနီး အဲဒီအနီးနားနေသူတွေ ပြောတာတော့ လေယာဉ်နှစ်စင်းနဲ့ ပြန်လာပစ်တယ်လို့ ပြောတာပဲ။ မြစ်ကြီးနား ဘက်ခြမ်း ပိတ်တာဆိုတော့ ကားတွေတော်တော်များတယ်။ ၂၁ မိုင် ဂိတ်လမ်းရှေ့ကနေ မလိခဘက်ကို တချို့က ရှောင်သွားကြတယ်လို့ သိရတယ် ”

အဲဒီတိုက်ပွဲက နှစ်နာရီနီးပါးကြာခဲ့ပြီး ၂၁ မိုင် စုပေါင်းစစ်ဆေးရေဂိတ်ကို KIA က မီးရှို့ ဖျက်ဆီးခဲ့တယ် လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ရဟတ်ယာဉ်နှစ်စင်းနဲ့ ငါးကြိမ်တိုင် ပြန်လည်တိုက်ခိုက်ခဲ့ပြီး ၂၁ မိုင်ဂိတ်နားမှာရှိတဲ့ ခြေလျင်တပ်ရင်း ခလရ ၂၆ဝ ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။

ဒီမနက်မှာပဲ မြစ်ကြီးနားမြို့နဲ့ မိုင် ၇ဝ အကွာမှာရှိတဲ့ ဟိုပင်မြို့အနီး နန့်ရင်းကျေးရွာနား မှာလည်း စစ်ကောင်စီတပ်က KIA နယ်မြေထဲ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ ဟိုပင် ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်အင်အား ၂ဝဝ ဝန်းကျင်ဟာ ဟိုပင်မြို့အရှေ့ဘက်ခြမ်း နန့်ရင်းချောင်း နားကို ဝင်ရောက်လာရာကနေ KIA တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကားတစ်စီး ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

"အနီးနားနေသူတွေ ပြောတာတော့ လေယာဉ်နှစ်စင်းနဲ့ ပြန်လာပစ်တယ်လို့ ပြောတာပဲ။"

ဟိုပင်အခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၄ဝ ကလည်း လက်နက်ကြီးနဲ့ နေ့လယ် ၂ နာရီအထိ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့ ၂၁ မိုင် စုပေါင်းဂိတ် တိုက်ခိုက်ခံရတာနဲ့ ဟိုပင်မြို့က တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီညနေ ၅ နာရီအထိ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေကြားခဲ့ပါဘူး။

ဒီတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင်တွေက KIA နဲ့အတူ ပါဝင် တိုက်ခိုက်ခဲ့တယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြု ထားပြီး ဟိုပင်မှာတော့ စစ်ကောင်စီဘက်က လှုပ်ရှားလာတာကြောင့် ခုခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။

kia soldiers
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ် (Photo: AFP)

“ မြစ်ကြီးနား ၂၁ မိုင်ဂိတ်မှာကတော့ ဒီမနက် ၄ နာရီကနေ ၆ နာရီကြားမှာ တိုက်ပွဲ ဖြစ်တာ ရှိပါတယ်။ ဟိုပင်မှာကတော့ မနက် ၆ နာရီနဲ့ ၇ နာရီကြားမှာ တိုက်ပွဲဖြစ်တာ ရှိပါတယ်ဗျ။ စကစဘက်က လှုပ်ရှားလာလို့ တောင်ခြေရင်းဘက်ပေါ့၊ မြို့ပြင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်ပါတယ်။ ဘယ်လောက်ထိခိုက်တယ်၊ ဒဏ်ရာရတယ်ဆိုတဲ့ ကိန်းဂဏန်း တွေကတော့ ဘယ်သူမှတော့ အခုထက်ထိ မသိရသေးပါဘူး ”

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေနဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးထားတဲ့အတွက် နှစ်ဖက်တပ်တွေ လှုပ်ရှားမှုအပေါ် မူတည်ပြီး တိုက်ပွဲ တွေဟာ ရှိနေမှာ ဖြစ်တယ် လို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။

ဒီမနက်တိုက်ပွဲတွေကနေ ထိခိုက်၊ သေဆုံးမှု အခြေအနေကို RFA အနေနဲ့ သီးခြား အတည် ပြုလို့ မရသေးပါဘူး။ မြစ်ကြီးနားမြို့နဲ့ နမ္မတူမြို့ဘက်ကနေ လူနာတင်ကားတွေ ၂၁ မိုင် ဂိတ်ကို ရောက်လာပြီး ထိခိုက်ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေကို သယ်ဆောင်သွားတယ် လို့ မျက်မြင်တွေရဲ့ အပြောကို ကိုးကားပြီး ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မြစ်ကြီးနားမြို့ ၂၁ မိုင် တိုက်ပွဲနဲ့ ဟိုပင်မြို့မှာဖြစ်ပွားခဲ့တဲ့ ဒီနေ့မနက်ပိုင်း တိုက်ပွဲ တွေကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည် ဘယ်လောက်ရှိတယ်ဆိုတာကို RFA က အသေးစိတ် မသိနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကလည်း ပူတာအိုမြို့နယ်က အင်စီယာန်နဲ့ ဆွမ်ပီယာန်ရွာ ကြားမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ခဲ့သလို အဲဒီပတ်ဝန်းကျင်က ရွာသား တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။