KIA တပ်ရင်း ၆ ကို စစ်ကောင်စီ လေကြောင်းကနေ ထပ်မံတိုက်ခိုက်
2023.04.20
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးရွာအနီးရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်း (၆) ကို စစ်ကောင်စီတပ်က မနေ့က တိုက်ခိုက်ရေး ဂျက်လေယာဉ်သုံးစင်းနဲ့ လာပစ်သွားတယ်လို့ ဒေသခံ တွေနဲ့ KIO တာဝန်ရှိသူတွေက ပြောပါတယ်။
မနေ့ ညနေ ၅ နာရီကျော်မှာ လာပစ်သွားတာဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့ဝင်တွေ ကြိုရှောင် နိုင်ခဲ့တာကြောင့် သေဆုံး၊ ထိခိုက်တာမရှိပေမယ့် အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က RFA ကို ဒီနေ့ ပြောပါတယ်။
“မနေ့က ညနေ ၅ နာရီခွဲလောက်မှာ လာပစ်တာပေါ့၊ လေယာဉ်က သုံးစင်းလို့ သိရတယ်။ မပခ (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) ကနေ တက်လာပြီး လာပစ်သွားတယ်လို့ ပြောတယ်။ လူတွေက စောစော ရှောင်သွားနိုင်တော့ ထိခိုက်တာ မရှိဘူး။ အဆောက်အအုံတွေ နည်းနည်းပါးပါးတော့ ပျက်စီးသွားတယ်လို့ ကြားတယ်”
၂၀၂၃ မတ်လ ၁၀ ရက်နေ့ကလည်း အခု KIA တပ်စခန်းနေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ခဲ့တာကြောင့် ဒါဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးကလည်း စစ်ကောင်စီတပ်က မနေ့က ကေအိုင်အေ တပ်ရင်း (၆) ကို လေယာဉ်သုံးစင်းနဲ့ ကိုးကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ RFA ကို ပြောပါတယ်။
“ကျနော်ကြားရတာကလည်း ဂျက်ဖိုက်တာ သုံးစင်းနဲ့ ကိုးကြိမ် လာပစ်တယ်။ ကိုးကြိမ် ပစ်တဲ့အထဲမှာ တစ်လုံးတော့ မပေါက်ကွဲဘူး။ ရှစ်လုံးက ပေါက်ကွဲသွားတယ်။ လူတွေ တော့ ထိတာမရှိဘူးလို့ ကြားတယ်”
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကတော့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းတိုင်း လုံခြုံရေးကိစ္စတွေကို သူမသိဘူးလို့သာ အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။
၂၀၂၂ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း KIO တည်ထောင်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲ ကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIO/KIA အမှုထမ်းတွေနဲ့ ပြည်သူတွေအပါအဝင် လူ ၇၀ ကျော် သေဆုံးခဲ့ပါတယ်။ နောက်ထပ် ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာလည်း စစ်ကောင်စီတပ်က ၂၀၂၃ မတ်လ ၂၃ ရက်ကနေ ဧပြီ ၉ ရက်နေ့ထိ ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုးခဲ့ပြီး KIA နဲ့ PDF အဖွဲ့တွေ ရှိတဲ့နေရာ ကို လေကြောင်းကနေ ၁၅ ကြိမ် ထက်မနည်း လာရောက်ပစ်ခတ်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင် တွေက ပြောပါတယ်။