ကချင်တိုက်ပွဲမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံးလို့ KIA ပြော

RFA Burmese
2023.09.13
ကချင်တိုက်ပွဲမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံးလို့ KIA ပြော ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Myu Tsaw Kasa

ကချင်ပြည်နယ် ဝိုင်းမော်ခရိုင် ဒဘတ်ယန်နဲ့ ဂျာပူကြားမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲမှာ ဒုတပ်ရင်းမှူးအဆင့်အထိ သေဆုံးခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က မြစ်ကြီးနားမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်ချိန် သေဆုံးခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူ ၃၀ နီးပါး ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဗန်းမော်ဘက်ကနေ နမ်ဆန်ယန်ဘက်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကိုလည်း ခလာမ်ယန်ရွာမှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးပြီး ၇၀ နီးပါး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေါ့ဖုန်းယန်က စာသင်ကျောင်းကို ထိမှန်ပြီး ကျောင်းဆရာမနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီ တပ်တွေဟာ လိုင်ဇာမြို့အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ် လုပ်နေပြီး KIA နဲ့ KPDF ဘက်ကလည်း စစ်ကောင်စီ တပ်စခန်းရှိတဲ့နေရာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ နေ့စဉ်ရှိနေတယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ မြစ်ကြီးနား - ဗန်းမော် ကားလမ်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်တပ်ရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကိုမေးမြန်းဖို့ RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

‌ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မလိယန်ကျေးရွာက စစ်ကောင်စီ တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။