KIA ဖမ်းသွားတဲ့ တာလောကြီးရွာသား ၄ ဦးထဲက ၃ ဦး လွတ်မြောက်လာ


2018.08.24
kia-622.jpg KIA တပ်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Kan Thar/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးရွာက ကချင်လွတ်မြောက်ရေးအဖွဲ့ KIA က ဖမ်းဆီးသွားခဲ့တဲ့ ရွာသား ၄ ဦးထဲက ၃ ဦး ပြန်လွတ်လာတယ်လို့ တာလောကြီးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထူးက RFA ကို ဒီနေ့ ပြောပါတယ်။

ဖမ်းခံထားရတဲ့ ရွာသား ၄ ဦးထဲက ရှမ်းလူမျိုး ၃ ဦးဟာ မနေ့ ညနေပိုင်း ၆ နာရီခန့်က ရွာကိုပြန်ရောက်လာပြီး ကချင်လူမျိုး တစ်ဦးကတော့ မလွတ်လာသေးဘူးလို့ ဦးအောင်ဆန်းထူးက ပြောပါတယ်။

"ဟုတ်ပါတယ်ဗျ။ ၃ ယောက်ပြန်လွတ်ခဲ့ပါပြီဗျာ။ မနေ့ညနေ ၆ နာရီလာက်မှာ ကျနော်တို့ဆီရောက် လာတယ်၊ အဲဒီလွတ်ခဲ့တဲ့ ၃ ယောက်က ရှမ်းတွေဖြစ်နေတယ်၊ ကျန်တဲ့ဟာက ကချင်ကောင်လေး တစ်ယောက် ကျန်နေတာ၊ သူတို့ပြောတာကတော့ ပထမ သူတို့ကို ကချင်တွေလို့ အောက်မေ့ပြီးတော့ ဖမ်းသွားတာတဲ့။ နောက်မှ ဟိုရောက်တော့ ကချင်မဟုတ်ဘဲ ရှမ်းတွေဖြစ်နေလို့ ပြန်လွှတ်ပေးခဲ့တယ်လို့ အဲလိုပြောပါတယ်။ အဲလိုတော့ ဘာမှမပြောဘူးဗျ၊ သူတို့ကို ဘာကိစ္စဖမ်းသွားမှန်းကို အဲလိုမျိုးတော့ မပြောပြဘူးဗျ"

ကချင်လူမျိုးတွေလို့ ထင်တဲ့အတွက် KIA က ဖမ်းသွားတာဖြစ်ပြီး နောက်ပိုင်းမှာ ရှမ်းတွေဖြစ်တယ်လို့ သိရတဲ့အတွက် လွှတ်ပေးလိုက်တာဖြစ်ကြောင်း ပြန်လွတ်လာသူတွေက ပြောတယ်လို့ ဦးအောင်ဆန်းထူး က ပြောပါတယ်။

နောက်ထပ် တစ်ဦးကိုတော့ မကြာခင် ပြန်လွှတ်ပေးမယ်ဆိုပြီး KIA က ပြောလိုက်တယ်လို့ သိရပါတယ်။

တာလောကြီးရွာက ရပ်မိရပ်ဖ တစ်ဦးဖြစ်တဲ့ ဦးတင်မြင့်ကတော့ KIA အဖွဲ့က စစ်သားသစ်စုဆောင်ရေးအတွက် ဖမ်းသွားတယ်လို့ ယူဆကြောင်း ပြောပါတယ်။

မြစ်ကြီးနားမြို့နယ် တာလောကြီးရွာရဲ့ အရှေ့မြောက်ဘက် ၈ မိုင်အကွာက တာခီကွင်းမှ တောခုတ်ခြံရှင်း လုပ်သားတွေအဖြစ် သွားရောက်လုပ်ကိုင်ချိန်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက် ညပိုင်းက KIA က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။