KIC သတင်းထောက် ကိုနေနော် အဖမ်းခံထားရ
Karen Information Center (KIC) သတင်းဌာနရဲ့ မြဝတီမြို့ခံ သတင်းထောက် ကိုနေနော်ကို မတ်လ ၂၈ ရက် မနေ့က မြဝတီမြို့မ ရဲစခန်းက ဖမ်းဆီသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
မြဝတီမြို့ အမှတ် ၃ ရပ်ကွက်အပိုင် နယ်ထိန်းရဲက တွေ့ဆုံဖို့ ခေါ်ခဲ့ပြီးနောက် မတ်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ အဖမ်းခံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
"ဘာကြောင့်ဖမ်းတာလဲဆိုတာ သူတို့ တိတိကျကျမဖြေဘူး၊ အခုတော့ မြဝတီ မြို့မ ရဲစခန်းမှာ ချုပ်ထားတယ်၊ ရိုက်နှက်ခံထားရလားဆိုတာတော့ ကျနော်တို့ အတိအကျ မသိဘူး"
ကိုနေနော်ကို အမှတ် ၃ ရပ်ကွက်အပိုင် နယ်ထိန်းက မနေ့က မနက် ဆယ်နာရီလောက်မှာ တွေ့ချင်လို့ဆိုကာ တစ်ခါချိန်းဆိုခဲ့ပြီး နေ့လယ်မှာ တစ်ခါထပ်မံချိန်းဆိုရာကနေ ပြန်မလွှတ် တော့ဘဲ အဖမ်းခံထားလိုက်ရတာလို့ ပြောပါတယ်။
ကိုနေနော် အဖမ်းခံထားရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မျိုးလည်း မတွေ့ရသေးပါဘူး။
အခုမတ်လထဲမှာတင် ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာ ဦးဟံသာညိန်း၊ မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာ ကိုသန်းထိုက်အောင်၊ မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းနဲ့ Mandalay Free Press (MFP) သတင်းဌာနက ကိုအောင်ဇော်ဇော်တို့ဟာ ထောင်ဒဏ် နှစ်နှစ်စီ အမိန့်ချမှတ်ခံခဲ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၁၁၅ ဦး ရှိပြီး လက်ရှိ အကျဉ်းထောင်တွေထဲမှာ ၃၉ ဦး ကျန်နေသေးကြောင်း၊ စစ်ကြောရေးနဲ့ တိုက်ပွဲ တွေကြောင့် သတင်းသမား သုံးဦး အသတ်ခံခဲ့ရကြောင်း မြန်မာသတင်းသမားတွေ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ သတင်းသမားတွေကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်နေတာတွေ ရပ်တန့်ဖို့ နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) က ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ က တောင်းဆိုခဲ့ပြီး သတင်းသမားတွေကို ထောင်ဒဏ်ချမှတ်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဒုတိယ အဆိုးဆုံးနိုင်ငံ ဖြစ်လာတယ်လို့လည်း CPJ က ဆိုထားပါတယ်။