မြစ်ကြီးနားနဲ့ ဟူးကောင်းက ဝန်ထမ်းတွေ နုတ်ထွက်ကြဖို့ KIO အသိပေးထုတ်ပြန်

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ် (Photo: RFA)

ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ဟူးကောင်း ခရိုင်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ ရာထူးတာဝန်ကနေ နုတ်ထွက်ကြဖို့ကို ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO က မေလ ၁၄ ရက်ဒီနေ့မှာ အသိပေးကြေညာချက် ထုတ်ပြန်လာပါတယ်။

အဲဒီထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ KIO ဗဟိုရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း RFA ကို အတည်ပြုပြောဆိုပါတယ်။

"အဲဒါက KIO ဗဟိုကော်မတီအနေနဲ့ ထုတ်တာတော့ မဟုတ်ပါဘူး။ သူတို့ ဒေသအဖွဲ့ အစည်းရဲ့ ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ အရင်ကတော့ တခြားနေရာမှာလည်း ထုတ်ပြန် ထားတာ ရှိပါတယ်။ ဥပမာ တပ်မဟာ ၈ နယ်မြေဘက်မှာ ထုတ်ထားတာ ရှိပါတယ်။ အခုကတော့ ဒီဘက်မှာ ပြန်ထုတ်တာပေါ့"

အဲဒီကြေညာချက်ထဲမှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ နုတ်ထွက်တာမျိုး မရှိခဲ့ဘူးဆိုရင် ‌ပြဿနာအကျိုးဆက်တွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ အဲဒီခရိုင်အုပ်ချုပ် ရေးနှစ်ခုက အသီးသီးဖော်ပြပါတယ်။

အသိပေးထားတဲ့ ကြေညာချက်အတိုင်း နုတ်ထွက်မှုမရှိဘဲ စစ်ကောင်စီလက်အောက်မှာ ဆက်လုပ်ကိုင်မယ့် ဝန်ထမ်းတွေ ထိုက်သင့်တဲ့ အရေးယူမှုတွေ ရှိလာနိုင်တယ်လို့လည်း KIO ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို ဘယ်အချိန်နောက်ဆုံး ထားပြီး နုတ်ထွက်ကြဖို့အတွက် အချိန်သတ်မှတ်ထားတာ မတွေ့ရပါဘူး။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဘားအံ၊ ဖာပွန်နဲ့ ကော့ကရိတ် နေရာသုံးခုမှာလည်း စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်နိုင်ရေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက သတိပေးထုတ်ပြန်ချက်နဲ့ လုပ်ဆောင်နေသလို ကျန်ဒေသ တွေမှာလည်း အောက်ခြေအဆင့် တပ်တွေရဲ့ လုပ်ဆောင်မှုအပေါ်မူတည်ပြီး ဆက်လက် လုပ်ဆောင်နေတယ်လို့ KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောထားပါ တယ်။