ကီရင်ဘီယာကုမ္ပဏီကို တပ်မတော်နဲ့ စီးပွားရေး ပေါင်းမလုပ်ဖို့ တောင်းဆို

သန့်ဇင်ဦး
2020-05-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကီရင် (Kirin) ကုမ္ပဏီ အနေနဲ့ တပ်မတော်နဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်နေတာကို ရပ်တန်းကရပ်ပြီး တရားမျှတမှုအတွက် ဆောင်ရွက်နေတဲ့နေရာတွေမှာပါဝင်ဖို့  မြန်မာနိုင်ငံအတွက် တရားမျှတမှု (Justice For Myanmar) အဖွဲ့က သတင်းထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

တပ်မတော်ဟာ ကီရင် (Kirin) ဘီယာကုမ္ပဏီနဲ့ ပူးပေါင်းပြီးရလာတဲ့ အမြတ်အစွန်းတွေကို လူမျိုးတုံး သတ်ဖြတ် တာတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေမှာ အသုံးပြုနေတဲ့အတွက် ကီရင်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ ဘီယာလုပ်ငန်းကို  ဆက်လုပ်နေမယ်ဆိုရင် တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အလိုတူ အလိုပါ အဖြစ် သတ်မှတ်ရမှာဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က မေလ ၁၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြောလိုက်ပါတယ်။

ကီရင် (Kirin) ကုမ္ပဏီဟာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နဲ့ ပူးပေါင်းပြီး ဘီယာလုပ်ငန်း ဆောင်ရွက်နေတာဖြစ်ပြီး ကီရင်က အစုရှယ်ယာ ၅၁% ပိုင်ဆိုင်ပြီး ဦးပိုင်က အစုရှယ်ယာ ၄၉ % ပိုင်ဆိုင်ပါတယ်။

Justice for Myanmar ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

"မြန်မာ့စီးပွားရေးဦးပိုင်ပဲဖြစ်ဖြစ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပဲဖြစ်ဖြစ် စီးပွားရေးလုပ်ကိုင်နေတာ တရားဝင်ပဲဖြစ်တယ်၊ နိုင်ငံတော်အစိုးရကို အခွန်ဆောင်ပြီးတော့မှ လုပ်နေတဲ့ဟာဖြစ်တယ်၊ ရရှိတဲ့ဟာမှန်သမျှ အကျိုးအမြတ်မှန်သမျှသည် လူ့အခွင့်အရေး ချိုးဖောက်ဖို့တို့ဘာတို့ အသုံးပြုဖို့နေနေသာသာ ကျွန်တော်တို့ တပ်မိသားစုတွေရဲ့ သက်သာချောင်ချိရေးအတွက်ပဲ ဆောင်ရွက်တာပဲဖြစ်တယ်၊ လူ့အခွင့်အရေးကိစ္စတွေမှာ ဆောင်ရွက်တဲ့ဟာမျိုး မရှိဘူး၊ နိုင်ငံတကာအဖွဲ့အစည်းတွေက တချို့ ရည်ရွယ်ချက်ရှိတဲ့ အဖွဲ့အစည်းတွေက စွပ်စွဲနေကျပဲဖြစ်ပါတယ်၊ မြန်မာ့စီးပွားရေးဦးပိုင်တို့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ဆိုတာလည်း နိုင်ငံတော်မှာ စာရင်းအစစ်ခံပြီးမှ ဆောက်ရွက်ရတဲ့ အဖွဲ့တွေဖြစ်တယ်၊ ဒါကြောင့်မို့လို့ သူသည်လည်း ကုမ္ပဏီတစ်ခုအနေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်၊ အပြင်ကုမ္ပဏီတွေနဲ့ ဘာမှမထူးခြားဘူး ဆောင်ရွက်နေ တာပဲ ဖြစ်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ထူးခြားဝေဖန်စရာရှိပါဘူး"

မေလ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ ကီရင် (Kirin) ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အတွင်း သူတို့ရရှိတဲ့ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၄၆ သန်း ကျော်ရှိပြီး ဒီထဲမှာ တပ်မတော်အတွက်က အမြတ်ငွေ ဒေါ်လာ ၂၂  သန်းကျော် ရရှိစေခဲ့တယ်လို့ မြန်မာနိုင်ငံအတွက် တရားမျှတမှုအဖွဲ့က ပြောထားပါတယ်။

ကီရင်ကို လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများမှာ ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ၂၀၁၉ ခုနှစ်မှာ သတ်မှတ်ကြေညာထားသလို ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ကလည်း အမည်ပျက်စာရင်းမှာ ထည့်သွင်းထားပါတယ်။

ဒါပေမဲ့ ကီရင်ကတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အကြံပြုချက်ကို လစ်လျူရှုကာ မြန်မာ့ တပ်မတော်ရဲ့ အဓိက ဝင်ငွေရင်းမြစ်တစ်ခုအဖြစ် ဆက်လက် ရပ်တည်ပေးနေတုန်းဖြစ်တယ်လို့ Justice for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။

ဒီလိုထုတ်ပြန်ချက်တွေကြောင့် နိုင်ငံတကာနဲ့ဆက်ဆံရေးအပိုင်းမှာ ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအင်စတီကျူရဲ့  အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက RFA ကို ပြောပါတယ်။

"အနောက်နိုင်ငံတွေက ပိတ်ကြတဲ့ ပိတ်ဆို့မှုတွေဟာ လူ့အခွင့်အရေးကို ချိုးဖောက်မှုတွေရှိတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ပိတ်ကြတာများတာကိုး၊ လူ့အခွင့်အရေး ခေါင်းစဉ်ဆိုတိုင်းပေမယ့် ကျွန်တော်တို့ လက်ရှိ ပြည်တွင်း မှာ ကြုံတွေ့နေရတဲ့အခက်အခဲရယ် တကယ်ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်ပဋိပက္ခပေါ့ ဒါတွေကတော့ လူ့အခွင့်အရေး ဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်ထဲကနေ ဖြေရှင်းလို့ မရနိုင်ဘူး၊ ရခိုင်ဒေသနဲ့ပတ်သက်လို့ ဖြစ်စဉ်တွေမှာ သူတို့ရဲ့လှုပ်ရှားမှုတွေပိုမြင့်လာတယ်လို့ ကျွန်တော်တို့ ကြားထားရတဲ့ အနေအထားလေးတွေ ရှိတယ်ပေါ့၊ အဲ့လိုအခြေအနေမျိုးမှာ ဒီလိုမျိုးလုပ်တယ်ဆိုရင်တော့ ဒီလိုပိတ်ဆို့မှုမျိုးဟာ နိုင်ငံရေးအရ ဖိအားဝင်တယ်လို့ပဲ ကျွန်တော်တို့က သုံးသပ်တယ်၊ အရင်တုန်းကတည်းက ပိတ်ဆို့တယ် ဖိအားပေးတယ် ဒါမျိုးကတစ်မျိုး၊ အခုလိုအခြေအနေမျိုးမှာ ဖြစ်လာတဲ့ဟာကတော့ နည်းနည်းတော့ကွာတယ်၊ သေချာကတော့ ကျွန်တော်တို့အတွက်တော့ ကောင်းတဲ့အလာမျိုးတော့ မဖြစ်ဘူး၊ နိုင်ငံတကာနဲ့ ဆက်ဆံရေးအပိုင်းမှာလည်း နည်းနည်းပိုပြီးတော့ အဖုအထစ်ဖြစ်လာမယ့် အနေအထားပေါ့၊ အဲလိုပဲ ကျွန်တော်ကတော့ သုံးသပ်ပါတယ်"

အမည်ပျက်စာရင်းသွင်းခံရတဲ့ နိုင်ငံတကာက ကုမ္ပဏီတွေဟာ လူ့အခွင့်အရေးအတွက် ချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာဖို့လိုတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားမှုအဖွဲ့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမောင်မျိုးမင်းက RFA ကို ပြောပါတယ်။

"သက်ရောက်မှုကတော့ ရှိနိုင်ပါတယ်၊ ပထမဆုံးကတော့ ဒီလိုမျိုး စီးပွားရေးလုပ်ဆောင်တဲ့ ကုမ္ပဏီကြီး တွေဟာ သူ့နိုင်ငံတွင်းမှာလည်း စီးပွားရေးလုပ်တဲ့အခါ ဘာတွေကို မလုပ်ရဘူး ဘာတွေကို လုပ်ရမယ်ဆိုတဲ့ ကျင့်ဝတ်တွေရှိပါတယ်၊ အဲဒီကျင့်ဝတ်တွေမှာ လူ့အခွင့်အရေးကို လေးစားရမယ်၊ လူ့အခွင့်အရေး ချိုးဖောက် သူတွေနဲ့ စီးပွားရေးမလုပ်ရဘူးဆိုတာ ပါထားပြီးသားပါ၊ အဲတော့ ဒါတွေကိုတောင်းဆိုပြီးတော့ ထောက်ပြတဲ့ အခါမှာ အဲဒီကုမ္ပဏီတွေဟာ စီးပွားရေးဆိုင်ရာ သဘောတူချက်တွေကို ချိုးဖောက်ရာဖြစ်တဲ့အတွက် ဒါဟာ သူတို့အနေနဲ့ ရပ်ကိုရပ်ရမှာပါပဲ"

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ကလည်း တပ်မတော် လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာလုပ်ငန်း ၃၁ ခုကို  “Dirty List” အမည်ပျက်စာရင်းသွင်းကြောင်း မေလ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထပ်မံထုတ်ပြန်လိုက်ပါတယ်။

Burma Campaign UK က အမည်ပျက်စာရင်းထပ်သွင်းလိုက်တဲ့ ကုမ္ပဏီတွေဟာ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့  ကြေညာချက်မှာ ဖော်ပြထားတယ်။

အမည်ပျက်စာရင်းတွေကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုအပိုင်းမှာ သက်ရောက်မှုတွေ အများကြီး ဖြစ်သွားနိုင်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

"ဒါကတော့ တစ်ဖက်မှာ ကုမ္ပဏီနာမည်ပျက်မယ်၊ တစ်ဖက်မှာ ဘာဖြစ်မလဲဆိုတော့ နိုင်ငံသိက္ခာတော့ ကျတာပေါ့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတဲ့အတွက် ဘယ်ကုမ္ပဏီကတော့ ထွက်သွားပြီဆိုတဲ့ အရာ မျိုးက ကျန်သောကုမ္ပဏီကြီးတွေ အခုလိုမျိုး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်နေတယ် နိုင်ငံခြားအကူအညီ ရရှိတဲ့အချိန်မျိုးမှာ ဒီလိုမျိုးအချက်တွေကြောင့် တခြားကုမ္ပဏီတွေတောင် ထွက်သွားပြီဆိုတဲ့ဟာမျိုးဖြစ်တော့ နောက်ထပ်ကုမ္ပဏီတွေလာဖို့ တော်တော်ခက်ခဲသွားတာ ဖြစ်နိုင်ပါတယ်၊ ဒါဆိုရင်တော့ တိုင်းပြည်ရဲ့ နိုင်ငံခြားအကူအညီနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ သက်ရောက်မှုတွေ အများကြီးဖြစ်သွားနိုင်ပါတယ်"

အမည်ပျက်စာရင်းအသစ်ထဲမှာ ဟောင်ကောင်အပါအဝင် တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း ၂၀ ကျော်ပါဝင်ပြီး အိန္ဒိယနဲ့ စင်ကာပူကုမ္ပဏီတွေလည်း အများဆုံးပါဝင်နေပါတယ်။

အချို့သင်္ဘောကုမ္ပဏီတွေဟာ အမည်ပျက်စာရင်းထဲမှာပါဝင်ပြီးသား တပ်မတော်ပိုင် ဆိပ်ကမ်းတွေနဲ့ ဆူးလေရှန်ဂရီလာဟိုတယ်တွေကို အသုံးပြုထားတယ်လို့ ဖော်ပြထားပါတယ်။

Burma Campaign UK က အမည်ပျက်စာရင်းသွင်းထားတာ စုစုပေါင်း ၁၁၃ ခုအထိရှိလာပြီး တရုတ်၊ ယူကေ၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ယူကရိန်း၊ အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ စင်္ကာပူ စတဲ့ နိုင်ငံတွေမှာ အခြေစိုက်ကြတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ များစွာပါဝင်နေပါတယ်။

ဆိုက်တခုလုံးသို့