နမခအနီး စစ်ကောင်စီတပ်စခန်းက တပ်သားငါးဦးကို PDF ဖမ်းဆီး

RFA Burmese
2024.06.13
နမခအနီး စစ်ကောင်စီတပ်စခန်းက တပ်သားငါးဦးကို PDF ဖမ်းဆီး ကျောက်လုံးကြီး ကာကွယ်ရေးတပ်ဖွဲ့ ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားငါးဦးအား လက်နက်ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။
Facebook/ KLG PDF

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နဲ့ တစ်မိုင်ခန့်အကွာက စစ်ကောင်စီတပ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ပြီးနောက် တပ်သားငါးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဇွန် ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သား ငါးဆယ်နီးပါး တပ်စွဲထားတဲ့ အဲဒီစခန်းကို ဇွန်လ ၁၁ ရက်မှာ တိုက်ခိုက်ခဲ့တာပါ။

ခြေမြန်တပ်ရင်း ခမရ (၁၀၆) က တပ်သား နေထက်အောင်၊ သက်ထွန်းငြိမ်းနဲ့ ရှိင်းထက်အောင်၊ ခြေမြန်တပ်ရင်း ခမရ (၃၆၈) က တပ်သား လွမ်းငြိမ်းသူ နဲ့ ရဲတပ်သား ဖြိုးထက်အောင်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ PDF ပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဆယ်နီးပါး သေဆုံးခဲ့ပြီး PDF ပူးပေါင်းအဖွဲ့ဘက်က နှစ်ဦးဒဏ်ရာရတယ်လို့ ကျောက်လုံးကြီး ကာကွယ်ရေးတပ်ဖွဲ့ (KLG Kani) တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

“ဒီစခန်းကိုတိုက်ခိုက်ဖို့ ကျွန်တော်တို့ အချိန်အတော်ကြာ ပြင်ဆင်ခဲ့ရပါတယ်။ ထီးတော်တင်ရွာမှာရှိတဲ့ အဲဒီစခန်းက နမခရဲ့ ကာကင်းစခန်းတစ်ခုလည်းဖြစ်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီကာကင်းစခန်းကို အခြေစိုက်ထားတာ။ နမခဘက်က စစ်ကြောင်းနှစ်ခုနဲ့ အင်အားဖြည့်လို့ နောက်ဆုတ်ခဲ့တယ်။ ပူးပေါင်းတပ်ဘက်က နှစ်ဦး ထိခိုက်ပါတယ်။ မစိုးရိမ်ရပါဘူး”

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကတော့ စစ်ဘက်ဆိုင်ရာ အခြေအနေတွေဖြစ်တာကြောင့် ပြောခွင့်မရှိတဲ့အကြောင်း RFA ကိုပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ရုံးတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။