ညောင်ရွှေ ထီရီး စစ်ကောင်စီတပ်စခန်းကို KNDF ပူးပေါင်းတပ်တွေ တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရီးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နဲ့ ဖယ်ခုံ PDF ပူးပေါင်းတပ်ဖွဲ့တွေက မေလ ၁၂ ရက် ဒီနေ့မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖယ်ခုံအင်း အရှေ့ဘက် ညောင်ရွှေ-လွိုင်ကော်သွား ကားလမ်းမပေါ်မှာရှိတဲ့ ထီရီးရွာအနီးက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ရှိရာနေရာ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး ငါးယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“မနက်အစော ၅ နာရီအချိန်လောက်မှာ ဖယ်ခုံ PDF နဲ့ KNDF BO2 တို့ကနေ ပူးပေါင်းပြီးတော့မှ ထီရီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ဒီဘက်ကတော့ နှစ်ယောက် ဒဏ်ရာရတာရှိတယ်။ စခန်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေ အားလုံး သိမ်းဆည်းပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်”

လက်နက်ခဲယမ်းတွေအနေနဲ့ ၆၀ မမ စိန်ပြောင်း၊ စက်သေနတ်၊ RPG လက်နက်ကြီးတွေ အပါအဝင် သေနတ် အလက် ၂၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ညနေ ၄ နာရီလောက်အထိ အကြောင်းမပြန်ပါဘူး။

တိုက်ပွဲနောက်ဆက်တွဲအနေနဲ့ တိုက်ပွဲဖြစ်ရာ နေရာတွေကို စစ်ကောင်စီဘက်က စစ်ကူအင်အားတွေ လာနေတာ ရှိသလို ဖယ်ခုံမြို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ထီရီးနဲ့ ငါးမိုင်ကနေ ခုနစ်မိုင်အကွာက လွယ်ပါကျေးရွာအုပ်စု ထဲက ရွာသုံးရွာလောက်နဲ့ ဆောင်နန်းခဲရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။