လူ ၂၅ ဦး သတ်ဖြတ်ခဲ့မှု KNDO စစ်ဦးစီးချုပ်ကို တာဝန်က ယာယီရပ်စဲ

ကရင်ပြည်နယ် ဝေါလေမြို့ ကနဲလေးကျေးရွာအနီးမှာ လူ ၂၅ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး KNU လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO ရဲ့ စစ်ဦးစီးချုပ်ကို ဇူလိုင်လ ၈ ရက်နေ့က စပြီး တာဝန်ကနေ ယာယီရပ်စဲလိုက်တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ အခုအရေးယူခံရတဲ့ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် နယ်ဒါးမြဟာ ကွယ်လွန်သူ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့သား ဖြစ်ပါတယ်။

ဒီလူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စကို KNU က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အဓိကတာဝန်ရှိတဲ့ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ နဲ့ ဗိုလ်ကြီး စောဘာဝါးကို တာဝန်က ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ KNU ကာကွယ်ရေးဌာနမှူးကြီး ပဒိုစောရောဂျာခင်က ကရင်ဘာသာနဲ့ လက်မှတ်ထိုး ထုတ်ပြန်ပါတယ်။

ကနဲလေး- မော်ခီးသွားကားလမ်း၊ အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းက အလုပ်သမား ၄၇ ဦးကို မေလ ၃၁ ရက်နေ့မှာ KNDO စစ်ဦးစီးချုပ် ဗိုလ်ကြီး စောဘာဝါး ဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မြန်မာစစ်တပ်က ဇွန်လ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ဒီဖြစ်စဉ်ကို အရေးယူနိုင်ဖို့ မြန်မာစစ်တပ်ဘက်က KNU ဌာနချုပ်ကို အကြောင်းကြားစာ ပေးပို့ပြီးနောက် KNU က စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုတာဝန်ကနေ ယာယီအနားပေးခံရတဲ့ KNDO ဗျူဟာမှူး စောဘာဝါးကတော့ သူတို့ သတ်ဖြတ်ခဲ့တဲ့သူတွေဟာ KNU တပ်စခန်းတွေကို စုံစမ်းထောက်လှမ်းနေတဲ့ စစ်ထောက်လှမ်းရေးတွေ ဖြစ်ပြီး လမ်းလုပ်သားတွေ မဟုတ်ဘူးလို့ ဇွန် ၂၀ ရက်နေ့မှာ ရှင်းလင်းထားပါတယ်။ တကယ်လို့ သူတို့ကသာ မသတ်ဖြတ်ခဲ့ရင် အဲ့ဒီလမ်းလုပ်သား အယောင်ဆောင်ထားတဲ့သူတွေက လက်ဦးမှု ယူသွားမယ်လို့လည်း ဆိုထားပါတယ်။

KNU ဟာ လက်နက်ကိုင် တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေကို သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေကို လက်မခံသလို Geneva Convention ကို လိုက်နာတဲ့ အဖွဲ့ဖြစ်လို့ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ရင်လည်း အရေးယူမှုတွေ ပြုလုပ်ဖို့ သတ်မှတ်ချက်တွေ ရှိပြီးဖြစ်တယ်လို့ ဇွန်လ ၁၆ ရက်နေ့က KNU ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။