ကရင်မှာ တစ်လတာတိုက်ပွဲ စစ်ကောင်စီ ၁၀၀ ကျော် သေဆုံးကြောင်း KNLA ပြော

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅ ထိန်းချုပ်ထား တဲ့ ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၁၃၀ ဖြစ်ပွားခဲ့တယ်လို့ KNLA က ပြောပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်ကသေဆုံးသူ ၁၁၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၈ ဦးအထိရှိခဲ့ပေမယ့် KNLA ဘပ်ကတော့ သေဆုံးတာမရှိဘဲ ထိခိုက်ဒဏ်ရာရတဲ့ တပ်သား ငါးဦးသာရှိခဲ့တယ်လို့ ဆိုပါတယ်။

ချောင်းမြောင်းပစ်ခတ်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေနဲ့ ပျောက်ကျားတိုက်ခိုက်ရေးစနစ်ကို အဓိကကျင့် သုံးခဲ့တာကြောင့် KNLA ဘက်က ထိခိုက်မှုနည်းခဲ့တာလို့ KNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက RFA ကို ပြောပါတယ်။

“ဒီဘက်က နယ်မြေကျွမ်းကျင်မှုလည်းရှိတယ်၊ နောက် သုံးနေတဲ့ ပျောက်ကျားစနစ်က စစ်တပ်ဘက်က အသွားအလာကို စောင့်ကြည့်ပြီးတော့ ပစ်ရင်အထိပဲ။ အဲလိုမျိုး ပစ်ခတ်မှုမျိုးနဲ့ ကျွန်တော်တို့ လုပ်တဲ့ အပေါ်မှာ ဟိုဘက်က အထိအခိုက်အများတာပေါ့။ ဒီဘက်ကတော့ ထိခိုက်မှုနည်းတာပေါ့”

မြန်မာစစ်တပ်ဟာ ၁၉၇၅ ခုနှစ်နောက်ပိုင်း KNLA တပ်မဟာ ၅ ဒေသအတွင်းမှာ ဝင်ရောက်စခန်းချခဲ့တာဖြစ် ပြီး ဒီနေ့အချိန်အထိ စစ်တပ်စခန်းပေါင်း ၇၀ ဝန်းကျင်ရှိတယ်လို့ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

အဲဒီစခန်းတွေကတဆင့် စစ်တပ်က KNLA တပ်တွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းတာကြောင့် အခုလို တိုက်ပွဲတွေဖြစ်လာရတာလို့လည်း သူက ပြောပါတယ်။

"သူတို့ရွာမှာတော့ ပြန်မနေရဲသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ"

ဒါ့ကြောင့် စစ်တပ်စခန်းတွေဆီကို ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းတွေကို KNLA က ပိတ်ဆို့တိုက်ခိုက်တာ အပါအဝင် စစ်တပ်စခန်းတွေ ပြန်လည်ရုပ်သိမ်းသွားတဲ့အထိ စစ်ရေးအရ ဖိအားပေးနေတာဖြစ်လို့ လာမယ့် ကာလတွေအတွင်း တိုက်ပွဲတွေ ဆက်ဖြစ်ဖို့ရှိနေတယ်လို့ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

KNLA ဘက်ကပြောဆိုတဲ့ ကျဆုံးအရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေရှိနိုင်ပေမယ့် KNLA က ထုတ်ပြန်တဲ့ အကျအဆုံးစာရင်းတွေအပေါ် ယုံကြည်စရာမရှိဘူးလို ဝေဖန်ပါတယ်။

“များသောအားဖြင့် စစ်ပွဲတွေရဲ့ သဘောတရားက ကိုယ့်လူတွေ စိတ်ဓာတ်တက်ကြွဖို့အတွက် ကိုယ်နဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ တစ်ဖက်က ဘယ်လောက်အဆုံးအရှုံးများတယ်ဆိုတာကို နည်းနည်းပိုပိုသာသာ ထည့်ကြတာများပါတယ်။ တိုက်ပွဲဖြစ်တယ်ဆိုတဲ့အတွက် အကျအဆုံး မရှိဘူး မဟုတ်ဘူး၊ အကျအဆုံး တော့ ရှိလိမ့်မယ်။ အဲလောက်အထိတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်”

ဒါပေမဲ့ KNLA တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုကတော့ ဒီစာရင်းတွေဟာ စစ်တပ် ဖြတ်သန်းသွားရာ လမ်းတလျှောက်က ကျေးရွာတွေမှာရှိတဲ့ အရပ်သားတွေရဲ့ မျက်မြင်တွေ့ရှိချက်တွေကို အခြေခံပြီး ပြုစုထားတာဖြစ်လို့ ယုံကြည်စိတ်ချလို့ရတယ်လို့ တုံ့ပြန်ပါတယ်။

KNLA တပ်မဟာ ၅ ဒေသဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသဖြစ်ပြီး အဲဒီဒေသက အရပ်သား ၈၀ ရာခိုင်နှုန်းဟာ စစ်ဘေးဒုက္ခကြုံတွေ့နေရတယ်လို့ ဒုက္ခသည်အရေး ကူညီနေတဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တိုက်ပွဲတွေကြောင့် ထပ်ပြီးထွက်ပြေးရတဲ့ အရပ်သား အရေအတွက် တိုးလာတာ မရှိပေမယ့် ယခင်ထွက်ပြေးနေရတဲ့ အရပ်သားတွေဟာ သူတို့ရဲ့ မူလနေရပ်တွေကို ပြန်လို့မရဘဲ ထိုင်း-မြန်မာ နယ်စပ်က တောတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရဆဲဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက် အကူပြုကွန်ရက် ပြောရေးဆိုခွင့်ရှိသူ နော်ဝါခူရှီးက RFA ကို ပြောပါတယ်။

“သူတို့ရွာမှာတော့ ပြန်မနေရဲသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ။ ပြီးတော့ ဂျက်လေယာဉ်က နေ့တိုင်းလာတယ်၊ ပြီးတော့ ဒရုန်းတွေလည်း နေ့တိုင်းလာတယ်။ တချို့က တောင် ယာတွေ ပြန်ကြည့်တာတော့ရှိတယ်။ ဒါပေမဲ့ အမြဲနေဖို့တော့ အဆင်မပြေသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့သူတို့က ကြောက်နေတုန်းပဲ။ ပြီးတော့ လက်နက်ကြီးကလည်း နေ့တိုင်းပစ်နေတယ်”

စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်း- မြန်မာ နယ်စပ်က သီးမူထာနဲ့ သော်လဲထာတို့လို စခန်းသိမ်းတိုက်ပွဲတွေ အပါအဝင် စစ်တပ်နဲ့ KNLA တပ်တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

karen-refugees.jpg
(KNU တပ်မဟာ ၅ နယ်မြေက တောထဲမှာပုန်းခိုနေရတဲ့ ကရင်ရွာသားတွေကို ၂၀၂၁ မတ် ၂၉ ရက်နေ့က တွေ့ရစဉ်) Photo: CJ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ နယ်မြေမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကရင်ပြည်နယ်မှာ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ အချိန် ၇ လအတွင်းမှာ တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ၄၇၁၀၀ ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက RFA ကို စက်တင်ဘာလ ၁ ရက်နေ့က ပြောထားပါတယ်။

ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ စစ်ဘေးဒုက္ခသည် ၇၀၀၀၀ ဝန်းကျင်ရှိ တယ်လို့ ပြောကြပါတယ်။