ချင်းပြည်နှင့်အတူ ရပ်တည်ကြောင်း KNU ထုတ်ပြန်

2021.10.31
ချင်းပြည်နှင့်အတူ ရပ်တည်ကြောင်း KNU ထုတ်ပြန် ချင်းပြည်နယ် ထန်တလန်မြို့မှာ ၂၀၂၁၊ အောက်တိုဘာ ၂၉ ရက်နေ့က မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေကို တွေ့ရစဥ်
Photo: Chin News Journal

ချင်းပြည်နယ် ထန်တလန်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့ပြီးနောက် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ချင်းပြည်နယ်က သွေးချင်းတွေနဲ့အတူ ရပ်တည်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက အောက်တိုဘာ ၃၀ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ထန်တလန်မြို့က နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးတာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာစစ်တပ်က ကရင်ပြည်နယ်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် ရွာပေါင်း ၃၀၀၀ ကို မီးရှို့ ဖျက်ဆီးခဲ့တဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးကို အမှတ်ရမိစေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအချိန်က စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ကရင်ပြည်နယ်ထဲက ဒေသခံ တစ်သိန်းကျော်တို့ဟာလည်း အတင်းအဓမ္မ နှင်ထုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို လက်နက်မဲ့ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်နေတဲ့ စစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချတယ်လို့လည်း KNU ဗဟိုက ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက ချင်းပြည်နယ် ထန်တလန်မြို့ပေါ်မှာ လောင်ကျွမ်းခဲ့တဲ့ မီးဟာ ခရစ်ယာန်ဘုရားကျောင်း အပါအဝင် အိမ်ခြေ ၁၆၀ ကျော် ပျက်စီးဆုံးရှုံးစေခဲ့ပါတယ်။

ဒေသခံတွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကြောင့်လို့ စွပ်စွဲထားပေမယ့် စစ်ကောင်စီ ဘက်ကတော့ ပြန်လည်ငြင်းဆိုထားပါတယ်။

ချင်းပြည်နယ်က ဒေသတွင်းမီဒီယာတွေနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့ကတော့ ထန်တလန် မြို့ပေါ်မှာ လက်နက်ကြီးကျည်ဆန်တွေ ကျရောက်ပေါက်ကွဲရာကနေ မီးစတင် လောင်ကျွမ်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ဒါကို အမိန့်ပေးတဲ့သူဟာ တပ်မ ၆၆ လက်အောက်ခံတပ်က ဒုတိယဗိုလ်မှူးကြီး သောင်းလှိုင် ဖြစ်တယ်လို့လည်း ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။