ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်တပ်မဟာ (၃) နယ်မြေအတွင်းက စစ်ကောင်စီရဲ့တပ်စခန်း သုံးခုကို KNLA က နိုဝင်ဘာလ ၁၂ ရက်နေ့က တစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU က နိုဝင်ဘာလ ၁၄ ရက်နေ့ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
(KNLA) တပ်ရင်း (၇)နဲ့ တပ်ရင်း (၉) တို့ပူးပေါင်းပြီး စစ်ကောင်စီရဲ့ သံဆိပ်စခန်း၊ ဘောကထာနဲ့ တုံးတံတာ စခန်းတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် (၄) နာရီကနေ နေ့လယ် (၁၁း၃၀) အချိန်အတွင်း တိုက်ခိုက်ရေးသုံး ဒရုန်းတွေ အသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီစခန်းတွေကနေ MA အမျိုးစားသေနတ် (၈) လက်၊ ကျည်ဆံ (၃၀၇၀) တောင့်၊ 9mm (၂) လက်၊ 81mm (၁) လက်၊ 81mm ကျည် (၆၈) လုံး၊ 60mm အရှည် (၁) လက် အစရှိတဲ့ လက်နက်အများအပြား သိမ်းဆည်းရမိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KNLA က ဒီစခန်းတွေကို တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အကြိမ် (၂၀) ခန့် တိုက်ခိုက်ခဲ့တာကြောင့် စခန်းအတွင်းက ပစ္စည်းတွေကို KNLA ဘက်က အကုန်ယူဆောင်နိုင်ခဲ့တာမရှိဘူးလို့ ပြောပါတယ်။
စခန်းတွေတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က နိုဝင်ဘာလ (၁၃) ရက်နေ့မှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတယ်လို့ KNU က ပြောပါတယ်။

နိုဝင်ဘာလ (၁၂) ရက်နေ့ကနေ(၁၃) ရက်နေ့အတွင်း စစ်ကောင်စီက ရွာတွေကို တိုက်ခိုက်လို့ ညောင်လေးပင်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု (၃) အုပ်စု၊ ကျေးရွာပေါင်း (၁၈) ရွာက ဒေသခံနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်၊ သထုံဘက်မှာလည်း နိုဝင်ဘာလ (၁၁)ရက်နေ့ ည(၈)နာရီ ခန့်က စစ်ကောင်စီရဲ့ ခမရအမှတ်(၉) (ဝီယော်)စခန်းနဲ့ လေ့ကျင့်ရေး (၉) (အလံတစ်ရာ) စခန်းက သထုံမြို့နယ်၊ ဝီယော် ကျေးနယ်အုပ်စု၊ ထုံးဘိုလေးရွာထဲကို လက်နက်ကြီး (၈) လုံးပစ်ခတ်ခဲ့လို့ လူနေအိမ် (၆) လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဒီနေ့ထုတ်ပြန်ပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီရဲ့တုံ့ပြန်ချက်ကိုရဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။