KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ BGF တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွား

2021.05.10
KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ BGF တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွား ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေမှာ ကေအဲန်ယူတပ်သားတွေကို ၂၀၂၀ ဒီဇင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကရင်အမျိုးသားအစည်းရုံး KNU တပ်မဟာ ၅ ဖာပွန်ခရိုင်နယ်မြေထဲမှာ စစ်ကောင်စီလက်အောက်က ကရင်နယ်ခြားစောင့်တပ် BGF တို့ မေလ ၉ ရက်မနေ့က တိုက်ပွဲဖြစ်ပွားပြီး BGF ဘက်က ၁၁ ယောက် ကျဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

KNU/KNLA တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့ တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းကိုကြားပေမယ့် ထိခိုက်သေဆုံးတဲ့ အခြေအနေကတော့ မြေပြင်ကနေ သတင်းပေးပို့တာ မရှိသေးလို့ အတည်ပြုဖို့ မရ သေးဘူးလို့ KNLA တပ်မဟာ ၅ ပြောခွင့်ရသူ ဒုတိယယဗိုလ်မှူးကြီး စောကလယ်ဒို က RFA ကို ပြောပါတယ်။

KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်နယ်မြေထဲကို မြိုင်ကြီးငူဘက်ကနေ BGF တပ်ဖွဲ့တွေ ရာနဲ့ချီ ပြီး မေလ ၉ ရက် မနေ့က ထပ်မံဝင်ရောက်လာတာတော့ မှန်ကန်ကြောင်းနဲ့ BGF အနေနဲ့ စစ်ကောင်စီ ခိုင်းတဲ့ အတိုင်း လှုပ်ရှားလာရင်တော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒုတိယယဗိုလ်မှူးကြီး စောကလယ်ဒို က ဆိုပါတယ်။

BGF အနေနဲ့ အရင်တုန်းကလည်း တပ်မဟာ ၅ နယ်မြေထဲကို ဝင်ရောက်လေ့ရှိပေမယ့် လက်ရှိအချိန်ကတော့ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး KNU ဘက်ကို ထိုးစစ်ဆင်လာရင် နှစ်ဘက်တိုက်ပွဲဖြစ်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဖာပွန်ခရိုင်နယ်မြေထဲမှာ စစ်ကောင်စီဘက်က လေယာဉ်တွေနေ့စဉ်နီးပါး လာရောက်ပျံဝဲနေပြီး လေကြောင်း ကနေလည်း ပစ်ခတ်ခဲ့တာတွေကြောင့် ဘွာဒဲကျေးရွာအုပ်စု၊ ခေါပို့ကျေးရွာအုပ်စု၊ မဲဝိုင်ကျေး ရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စု တော်တော်များများက ဒေသခံအရပ်သား သုံးသောင်းခွဲလောက် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နေ့ကနေ ဒီနေ့အထိ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ KNU နဲ့ စစ် ကောင်စီတပ်တွေ တိုက်ပွဲပေါင်း ၄၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး မြေပြင်သတင်းပေးပို့ချက်အရ စစ်ကောင်စီဘက်က ကျဆုံးသူ ၁၀၄ ယောက်နဲ့ ဒဏ်ရာရှိသူ ၂၁၆ ယောက်ရှိတယ်လို့ KNU ဘက်က ပြောပါတယ်။

KNU ဘက်ကတော့ ကျဆုံးသူ ကိုးယောက်နဲ့ ဒဏ်ရာရသူ ဆယ်ယောက်ရှိတယ်လို့ KNU က ထုတ်ပြန်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။