ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေး ရပ်တန့်

RFA Burmese
2023.09.20
ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေး ရပ်တန့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
KIC

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီးက ဘုရားသုံးဆူမြို့ကို ကရင်အမျိုးသား အစည်းအရုံး (KNU) က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KNU အရာရှိတချို့ကို ကိုးကားပြီး Karen Information Center – KIC က စက်တင်ဘာ ၂၀ ရက် ဒီနေ့ ဖော်ပြပါတယ်။

တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းအားလုံးကို အခြား ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး KNU ကပဲ ဦးစီးနေကြောင်း အမည်မဖော်လိုတဲ့ ဒေသအခြေစိုက် KNU အရာရှိတစ်ဦးကို ကိုးကားပြီး KIC သတင်းမှာ ဖော်ပြထားတာပါ။  စစ်ကောင်စီတပ်သား တွေ ရှိနေပေမယ့် နှောင့်ယှက်တာမျိုး မလုပ်ဘူးလို့ အဲဒီအရာရှိက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ဘုရားသုံးဆူ ဒေသခံတွေကတော့ KNU က စစ်ရေးအရ ထိန်းချုပ်နိုင်မှု ရှိ၊ မရှိ အတိအကျ မသိရပေမယ့် KNU တပ်မဟာ ၆ တာဝန်ရှိသူတွေက ဘုရားသုံးဆူမြို့ရဲ့  အုပ်ချုပ်ရေးကဏ္ဍ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လကတည်းက ဦးစီးဆောင်ရွက်နေတာလို့ ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုရားသုံးဆူမြို့က KNU ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကလည်း မြို့ပေါ် ရပ်ကွက်တွေကို KNU အုပ်ချုပ်ရေးမှူးတွေက စီမံခန့်ခွဲနေပြီး၊ ပညာရေးလုပ်ငန်းတွေကိုလည်း KNU ကပဲ တာဝန်ယူထားတယ်လို့ RFA ကို အတည်ပြု ပြောဆိုပါတယ်။

“စစ်ကောင်စီရဲ့ ရုံးတွေက တချို့က မီးလောင်သွားပြီ။ တချို့ကျတော့လည်း ဒီအတိုင်း ကျန်နေခဲ့တာ။ မြို့အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ အမှုအခင်း ဖြေရှင်းပေးတာတွေ၊ ပညာရေးလုပ်ငန်းတွေကို KNU က ဆောင်ရွက်နေပါတယ်။ ပညာရေးဆိုလည်း ဘုန်းတော်ကြီးသင် ပညာရေးတွေနဲ့ KNU ဘက်က ဖွင့်တဲ့ ကျောင်းတွေမှာ စာသင်ကြတယ်။ မြို့မှာ စကစဘက်က အုပ်ချုပ်နိုင်တာ မရှိတော့ပါဘူး”

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီရဲ့ စုပေါင်းရုံး တိုက်ခိုက်ခံရပြီးနောက်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

အဲဒီစုပေါင်းရုံး တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံး၊ လူဝင်မှု ကြီးကြပ်ရေးရုံး၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနဲ့ စည်ပင်ရုံးတွေ မီးလောင်ပျက်စီးခဲ့ ပါတယ်။

အဲဒီနောက် ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်  ၂၀၂၃ ခုနှစ်၊ ဇွန်လကစလို့ KNU ရဲ့ အုပ်ချုပ်ရေးယန္တရား စတင်လာတာလို့ ဘုရားသုံးဆူဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုရားသုံးဆူမြို့ခံ တစ်ဦးကတော့  KNU ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ စတင်လာပြီးနောက်မှာ ဒေသခံအရပ်သားတွေ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးစစ်ဆေးတာတွေ မခံရတော့ဘဲ မြို့အခြေအနေ တည်ငြိမ်နေတယ်လို့ RFA ကို ဒီနေ့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဘုရားသုံးဆူမြို့ဟာ ပထဝီအနေအထားရ ကရင်ပြည်နယ်ထဲမှာ ပါဝင်ပေမယ့် နယ်စပ်မြို့ဖြစ်တာကြောင့် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA - PC) နဲ့ နယ်ခြားစောင့်တပ် (BGF) တွေရဲ့ အခြေစိုက်ရုံးတွေလည်း ရှိနေပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။