စစ်ကောင်စီခေါင်းဆောင်ရဲ့ဆွေးနွေးပွဲ KNU တက်မှာမဟုတ်ကြောင်း ကြေညာ

2022.05.08
စစ်ကောင်စီခေါင်းဆောင်ရဲ့ဆွေးနွေးပွဲ KNU တက်မှာမဟုတ်ကြောင်း ကြေညာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များအား၂၀၁၉ ဇန်နဝါရီ ၃၁ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ KNU ကရင်အမျိုးသားအစည်းအရုံးက မေလ ၉ ရက် ဒီနေ့ မနက်က ကြေညာလိုက်ပါတယ်။

KNU ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အမြဲတမ်း ဦးစားပေးခဲ့သလို အဖြေလည်းရှာနေပြီး အခုချိန်မှာ သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးတဲ့ အခင်းအကျင်းမဖြစ်တဲ့အတွက် တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ KNU ရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်လိုတဲ့သူတွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ရမည်လို့လည်း ထောက်ပြထားပါတယ်။

အဲဒီအပြင် ယုံကြည်မှုတည်ဆောက်ရေးဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် မရှိမဖြစ် လိုအပ်တဲ့အချက်ဖြစ်တာကြောင့် စစ်ပွဲတွေ အကြမ်းဖက်တာတွေ၊ ရွာတွေ မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာတွေ၊ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ တိုက်ခိုက်တာတွေ ရပ်ရမယ်လို့လဲ KNU ကပြောဆိုလိုက်ပါတယ်။

နိုင်ငံအနှံ့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာသိမ်းစစ်ကောင်စီဘက်က ပစ်ခတ်သတ်ဖြတ်ဖမ်းဆီးတာတွေဖြစ်လာပြီးတဲ့နောက် ပြည်သူတွေကြားကနေ ရရာလက်နက်နဲ့ ပြန်လှန်ခုခံတော်လှန်မှုတွေများလာတဲ့အချိန်မှာ စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သူကိုယ်တိုင် ပါဝင်ဆွေးနွေးမယ်လို့ ဖိတ်ခေါ်ထားပြီး ဒီနေ့နောက်ဆုံး စာရင်းပေးဖို့ ပြောထားတဲ့အတွက် KNU အဖွဲ့ရဲ့သဘောထားထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။