ကရင်ပြည်နယ် ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ အရပ်ဘက်ဌာနဆိုင်ရာဝန်ထမ်းတွေ ကိုယ့်နေရပ်ပြန်ကြဖို့နဲ့ တာဝန်ထမ်းဆောင်နေတာ ကနေ နုတ်ထွက်ကြဖို့ ကော့ကရိတ်မြို့နယ် KNU ကရင်အမျိုးသားအစည်းအရုံးက မတ်လ ၁၇ ရက်က အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် KNU ရဲ့ အောက်ခြေအဆင့်အဖွဲ့တွေက သူ့နယ်မြေအလိုက်လုပ်နေကြတာလို့ KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကို ဒီနေ့ ပြောပါတယ်။
"စစ်အာဏာရှင်တိုက်ဖျက်ရေး မူဝါဒက ရှိပြီးသားဆိုတော့ အောက်ခြေအဆင့်က သူတို့လုပ်နိုင်တာတွေ လုပ်နေကြပါတယ်၊ ထုတ်ပြန်တာရှိသလို မထုတ်ပြန်ဘဲ လုပ်နေတာတွေရှိပါတယ်၊ စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တယားပြိုလဲဖို့ တရားဝင်အသိပေးလုပ်နေတာတွေရှိသလို စစ်ရေးဆိုင်ရာ နေ့စဉ်တိုက်ခိုက်တာတွေလည်းရှိနေပါတယ်"
စစ်တပ်က အာဏာသိမ်းထားတာကို ပြည်သူတွေက နည်းမျိုးစုံနဲ့ ဆန္ဒပြတော်လှန်နေကြပြီး KNU ကလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှု ရပ်တန့်စေဖို့ ခုလိုလုပ်ရတာလို့ ပြောပါတယ်။
ဒီကြေညာချက်ကို စတင်ထုတ်ပြန်တဲ့နေ့ကစပြီး လိုက်နာကြဖို့နဲ့ မလိုက်နာရင် နောက်ဆက်တွဲ အကျိုးဆက်တွေ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၂၉ ရက်ကလည်း ကရင်ပြည်နယ် (မူတြော်ခရိုင်) ဖာပွန်မြို့နယ်ထဲက စစ်ကောင်စီရဲ့ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၁၀ ရက်အတွင်း ထွက်ခွာကြဖို့ (KNU\KNLA) တပ်မဟာ (၅) က ကြေညာခဲ့ပါတယ်။
သထုံခရိုင်၊ ဘားအံမြို့နယ် KNU ရဲ့ တပ်ရင်း (၁) ထိန်းချုပ်နယ်မြေထဲက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF၊ ပြည်သူ့စစ်တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအားလုံး ရာထူးတာဝန်ကနေ နုတ်ထွက်ကြဖို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၇ ရက်ကလည်း သတိပေးထုတ်ပြန်ခဲ့ပါတယ်။
အခုဆိုရင် KNU ရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဘားအံ၊ ဖာပွန်နဲ့ ကော့ကရိတ် နေရာသုံးခုမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်နိုင်ရေး သတိပေးထုတ်ပြန်ချက်နဲ့ လုပ်ဆောင်နေသလို ကျန်ဒေသတွေမှာလည်း အောက်ခြေအဆင့်တပ်တွေရဲ့ လုပ်ဆောင်မှုအပေါ်မူတည်ပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။