ဗြိတိန်နိုင်ငံရောက် မြန်မာတွေ ထိုင်းဝန်ကြီးချုပ်ထံ ပေးစာပို့

2016-01-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ခိုထောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဇန်နဝါရီလ ၄ ရက်နေ့ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြနေစဉ်
ခိုထောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဇန်နဝါရီလ ၄ ရက်နေ့ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြနေစဉ်
Photo: Min Hein

ထိုင်းနိုင်ငံမှာ ခိုထောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ် ချမှတ်ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့အမှု ကို ပြန်လည်သုံးသပ်စီစစ်ပေးဖို့ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက မနေ့ညနေပိုင်းက ထိုင်းသံရုံးရှေ့ မှာ အေးချမ်းစွာ ဆန္ဒပြပြီး  ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အတွက် မေတ္တာရပ်ခံစာ တစ်စောင်ပေးပို့လိုက်ပါတယ်။

ထိုင်း ဝန်ကြီးချုပ် အတွက် ပေးစာကို  တက်ရောက်လာကြသူတွေအများ ရှေ့မှောက်မှာ ဖတ်ပြခဲ့တယ်လို့ စည်းရုံးရေးမှူး ကိုမင်းဟိန်းက ပြောပြပါတယ်။

"မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီလိုမျိုးလူနှစ်ယောက် ခံစားနေရတဲ့အတွက်ကို တရားမျှတမှုလိုချင်တဲ့အတွက် ကျနော်တို့စုပြီးတော့လုပ်တာ"

ဒီအမှုမှာ သက်သေအထောက်အထား မခိုင်လုံဘဲ သေဒဏ် ချမှတ်ခဲ့တာကို ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းထားတဲ့ အဲဒီသူတို့ ပေးစာကို ထိုင်းသံရုံး အရာရှိတွေက ယဉ်ကျေးစွာ လက်ခံခဲ့တယ်လို့လဲ ကိုမင်းဟိန်းက ပြောပါတယ်။

"ကျနော်တို့ ဆန္ဒပြပွဲကိုလာတဲ့သူတိုင်း လက်မှတ်ထိုးတယ်၊ ပြီးတော့အဲ့စာက ထိုင်းနိုင်ငံဝန်ကြီးချုပ်ဆီကိုပို့မယ့်စာပေါ့၊ ကျနော်တို့စာကိုလာယူတဲ့သူက သေချာ စကားပြောတယ်၊ ကျနော်တို့ထဲက ထိုင်းစကားပြောတတ်တဲ့ ဗမာအကိုကြီး တစ်ယောက် က ကျနော်တို့နိုင်ငံအပြောင်းအလဲ ဖြစ်ခါနီးမှာ ကျနော်တို့ ၂ နိုင်ငံက ချစ်ချစ်ခင်ခင် ရှိဖို့လိုတယ်ဆိုတော့ သူကလည်းဟုတ်ပါတယ်၊ ကျနော်ပြောပေးပါမယ်ဆိုပြီး ထိုင်းလိုပဲပြောသွားတယ်"

အဲဒီ ဆန္ဒပြပွဲမှာ ရုံးပိတ်ရက်တွေ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံသား   ၄၀ လောက်သာ ပါဝင်နိုင်ခဲ့ကြပြီး ဗြိတိသျှ ရုပ်မြင်သံကြားဌာနတစ်ခုကလည်း ရုပ်သံရိုက်ကူး ပြီး ဖြစ်ရပ်တွေကို မေးမြန်းသွားတယ်လို့လည်း ဆိုပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့