လူငယ်နှစ်ဦး လွတ်မြောက်ရေး ထိုင်းဘုရင်မင်မြတ်ထံ အသနားခံစာပေးပို့


2016.03.05
koh-tao-620.jpg ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲခံရတဲ့ မြန်မာနှစ်ဦးကို တွေ့ရစဉ်
www.thairath.co.th

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်း တို့နှစ်ဦး ကွင်းလုံးကျွတ်လွတ်မြောက်ရေးအတွက် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၆ ဖွဲ့ စုပေါင်းကောက်ခံထားတဲ့ လက်မှတ်ပေါင်း ကိုးသောင်းခုနစ်ထောင်ကျော်ကို ထိုင်းဘုရင်မင်းမြတ်ဆီ မနေ့က အသနားခံစာ ပေးပို့လိုက် ပါတယ်။

မနေ့က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကနေတစ်ဆင့် ပေးပို့လိုက်တာဖြစ်တယ်လို့ လူငယ်နှစ်ဦးလွတ်မြောက်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များအစည်းအရုံး (AASYC) ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သူရိန်က ပြောပါတယ်။

"ကျနော်တို့က ဒီထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ မတရားသေဒဏ်အဖြစ် အပြစ်ချခံနေရတဲ့ ဝင်းဇော်ထွန်း နဲ့ ဇော်လင်း လွတ်မြောက်မြောက်ရေးအတွက် အလုံးစုံ ကွင်းလုံးကျွတ်လွတ်မြောက်ရေး အတွက်ကို အဓိက ဦးတည်ရည်ရွယ်ပြီးတော့ လုပ်တာဖြစ်ပါတယ်၊ ပြီးရင် ကျနော်တို့ အမှုသွားလာတဲ့အခြေအနေအပေါ်မှာ မူတည်ပြီးတော့ အရင်ဆုံးကြည့်နေတယ်၊ စောင့်ကြည့်နေတယ် သုံးသပ်တဲ့အပေါ်မှာ ပြီးရင် ကျနော်တို့ အယူခံက နောက်လအထိကို ဆိုင်းငံ့ထားတာတွေ့ရတယ်ပေါ့နော်၊ အဲ့ဒီအယူခံဝင်တဲ့အပေါ်မှာ ထိရောက်မှု တစ်စုံတစ်ရာ ရှိမယ်ဆိုပြီးတော့ မျှော်လင့်ပြီးတော့မျိုးလည်း ကျနော်တို့က အချိန်ကိုက်ပြီးတော့ ဒီလက်မှတ်တွေကို သံရုံးတွေကိုပို့ပေးမှာဖြစ်ပါတယ်"

အဲ့ဒီအသနားခံစာကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များအစည်းအရုံး (AASYC) ၊ ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU)၊ ရခိုင်အမျိုးသမီးများကွန်ရက် (RWN)၊ ရခိုင်ကျောင်းသား သမဂ္ဂ (ဒဂုံတက္ကသိုလ်-ရန်ကုန်)၊ ရခိုင်မျိုးဆက်သစ်အဖွဲ့ (ARG)၊ တက္ကသိုလ် ရခိုင်လူငယ်များအသင်း (AYAOU) စတဲ့ အဖွဲ့ ၆ ဖွဲ့က ဦးဆောင်ပြီး ပေးပို့ ခဲ့တာလို့ သိရပါတယ်။ အဲ့ဒီလက်မှတ်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ပထမပတ်အထိ ရခိုင်ပြည်နယ် ၁၅ မြို့နယ်အပါအဝင် ရန်ကုန်မြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မြန်မာတိုင်းရင်းသားတွေဆီ ကနေ စုဆောင်းရရှိခဲ့တာလို့ ပြောပါတယ်။

ဒါ့အပြင် မှုခင်းစုံစမ်းတွေ့ရှိချက်တွေအရ အဲ့ဒီလူငယ်နှစ်ဦးကို အတင်းအဓမ္မ ညှင်းပန်းနှိပ်စက်ပြီး ဝန်ခံခိုင်းခဲ့သလို မျိုးရိုးဗီဇ DNA စစ်ဆေးတွေ့ရှိချက်တွေမှာလည်း တူညီမှုမရှိကြောင်း၊ မျက်မြင်သက်သေ အထောက်အထား ခိုင်လုံမှုမရှိတာနဲ့ အမှုသွားအမှုလာ အနေအထားမှာ သံသယဖြစ်စရာဖြစ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ အဲ့ဒီအသနားခံစာကို ထိုင်းတော်ဝင်အစိုးရအဖွဲ့၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ ထိုင်းနိုင်ငံရှေ့နေများကောင်စီကို မိတ္တူပေးပို့ခဲ့သလို ဗြိတိသျှတော်ဝင်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ မြန်မာသမ္မတရုံးကိုလည်း မိတ္တူပေးပို့သွားမယ် လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံ သားနှစ်ဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ပြီးခဲ့တဲ့ ၂ဝ၁၅ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကော့စမွေခရိုင် တရားရုံးက အမှု (၇) ခုနဲ့ သေဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။