ကျိုက်ထိုမှာ အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

RFA Burmese
2023.09.22
ကျိုက်ထိုမှာ အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
ကျိုက်ထိုအသံ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး မိသားစု လုပ်ကြံခံရပြီးနောက် ကျိုက်ထိုမြို့ပေါ်က အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက စက်တင်ဘာ ၂၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်မှာ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဦးအောင်လွင်တို့ မိသားစုကို သေနတ်သမားနှစ်ဦးက လာရောက်ပစ်ခတ်စဉ် ဇနီးဖြစ်သူ ဒေါ်စန္ဒာစိုး သေဆုံးခဲ့ပြီး အသက် ၇ နှစ်အရွယ် သားဖြစ်သူလည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။

အဲဒီဖြစ်စဉ်ဖြစ်ပြီးနောက် တောင်သူစုရပ်ကွက်ထဲက လုံခြုံရေးကင်မရာတွေကို စစ်ကောင်စီတပ်က စစ်ဆေးခဲ့ပြီး မြို့ခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပစ်ခတ်မှုဖြစ်ပြီး အဲဒီအနီးနားက CCTV မှာပေါ်တဲ့သူတွေ မသင်္ကာတဲ့သူတွေ အဖမ်းခံရတာ။ သက်လတ်ပိုင်းတွေကြီးပဲ အမျိုးသားရော၊ အမျိုးသမီးရောပါတယ်။ အခုထိ ပြန်မလွတ်သေးဘူး။ ဘယ်မှာဖမ်းထားမှန်းလည်း မသိရဘူး”

လက်ရှိမှာတော့ ကျိုက်ထိုမြို့ပေါ်မှာ ဆိုင်ကယ်ကို အမျိုးသားနှစ်ယောက် မစီးခိုင်းတာ၊ အားကစားအင်္ကျီဝတ်ထားတဲ့သူတွေကို အဓိကထားစစ်ဆေးတာတွေကို လုပ်နေတယ်လို့ သူကဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သထုံခရိုင် တာဝန်ခံ ကိုအေးမင်းထွန်းကတော့ အဲဒီပစ်ခတ်လုပ်ကြံမှုဟာ PDF တပ်ဖွဲ့ဘက်က လုပ်ခဲ့တာမဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ မကျေလည်မှုတွေကနေဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

ကျိုက်ထိုမြို့ပေါ်က အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး မိသားစု ပစ်ခတ်လုပ်ကြံခံရပြီးနောက် ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိရွာမှာလည်း စစ်ကောင်စီတပ်နဲ့ ရဲ အင်အား ၄၀ လောက် တပ်စွဲထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ နှစ်သောင်းနီးပါး (၁၉,၂၅၂ ဦး) အထိရှိလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။