ဘုန်းတော်ကြီးကျောင်းမှာဖြစ်တဲ့ ပဋိပက္ခ လူ ၈ဦး ဆေးကုသနေရ
2019.04.18

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ကြာပို့ကျေးရွာက ငြိမ်းချမ်းတောရ ဓမ္မရိပ်သာ ဘုန်းတော်ကြီးမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ လူ ၈ဦး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
ဒီပဋ္ဋိပက္ခနဲ့ပတ်သက်ပြီး ရိုက်နက်ခံရသူတွေက ကျူးလွန်တဲ့သူတွေကို အရေးယူဖို့အမှုဖွင့်ထားပြီး ပဋိပက္ခ ဘာကြောင့် စတင်ဖြစ်ပွားတယ်ဆိုတာကို အတိအကျ မပြောနိုင်သေးကြောင်း တောင်သာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက RFA ကို ပြောပါတယ်။
မနေ့ကညနေပိုင်းလောက်က ကြာပို့ကျေးရွာရှိ ငြိမ်းချမ်းတောရဓမ္မရိပ်သာကျောင်းကို ရာနဲ့ချီတဲ့လူတွေက တုတ်တွေ၊ ဓားတွေနဲ့ ဝင်ရောက်ရိုက်နက်တာကြောင့် လူ ၈ဦး ဒဏ်ရာရရှိခဲ့သလို သာသနိက အဆောက်အဦးတွေလည်း ဖျက်စီးခံရတယ်လို့ ကျောင်းဂေါပကအဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်ရာမှာ ပါဝင်တဲ့သူ အယောက် ၃၀ ကို သာသနာညိုးနွမ်းစေမှု၊ အပြင်းအထန်ထိခိုက်နာကျင်စေမှု၊ သာသနိကအဆောက်အဦးဖျက်စီးမှု စတဲ့ပုဒ်မတွေနဲ့ တောင်သာမြို့နယ် ကြောင်ဇီရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ကြောင်ဇီရဲစခန်းမှူးဆီကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းပိတ်ထားတဲ့အတွက် ဆက်သွယ်လို့မရသေးပါဘူး။
ဒီငြိမ်းချမ်းတောရဓမ္မရိပ်သာကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုဟာ မြိုနယ်သံဃာနာယက၊ တိုင်းသံဃာနာယကအဆင့်ဆင့်အထိ ရောက်ရှိနေပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မကျသေးခင်မှာ အခုလိုဝင်ရောက်ဖျက်စီးခံရတာလို့ ကျောင်းဂေါပကအဖွ့ဲတွေထံကနေ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။