လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်လောင်း ဦးဖိုးစံကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပါတယ်။
ဦးဖိုးစံရဲ့ သားဖြစ်သူဟာ ရက္ခိုင့်တပ်တော် AA ထဲကို ရောက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံရတာလို့ ကာယကံရှင် ဦးဖိုးစံ ကိုယ်တိုင်က RFA ကို ဒီနေ့ ပြောပါတယ်။ သူဟာ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကနေ ရခိုင်အမျိုးသားပါတီ ANP ကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သူ့ကို ပယ်ချလိုက်တဲ့အကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ကျောက်ဖြူခရိုင် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ခေါ်ယူအသိပေးခဲ့တာလို့ ဦးဖိုးစံ က ပြောပါတယ်။
"၂၂-၈-၂၀၂၀ နေ့မှာ ခရိုင်ကော်မရှင်အဖွဲ့ အတွင်းရေးမှူးခေါင်းဆောင်ပြီးရင် ကော်မရှင်အဖွဲ့ဝင်တွေက ကျနော့်ကို ပြည်ထောင်စုကော်မရှင်ဆီက စာရောက်လာတယ် ၂၁ ရက်နေ့စွဲနဲ့ဆိုပြီးတော့။ ကျွန်တော်က အဲဒီစာကိုလည်းကြည့်ခွင့်မရဘူး။ စာအမှတ်ကိုလည်းမပေးဘူး။ သူတို့ကပဲဖတ်ပြတယ်။ အဲဒီစာထဲမှာ ဘာပါလဲ ဆိုတော့ ၂၀၁၈ ခုနှစ် မေလမှာ ဗိုလ်မှူးအောင်မြင့်စိုး၊ ဦးဖိုးစံရဲ့သားဟာ ခွင့်မဲ့ပျက်ကွက်ပြီး တပ်နဲ့ ကင်းကွာနေ တဲ့အတွက် ဆက်လက်စုံစမ်းစစ်ဆေးရာ အေအေ ရက္ခိုင့်တပ်တော် ထံရောက်ရှိနေတယ်လို့ သိရှိရတဲ့အတွက် ဦးဖိုးစံဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ-၁၀(ဎ)နဲ့ ငြိစွန်းတယ်ဆိုပြီး ကျွန်တော့ကို စွပ်စွဲချက်ပါလာတာကို တွေ့ရတယ်ဗျ"
ဦးဖိုးစံရဲ့ သား ကိုအောင်မြင့်စိုးဟာ မြန်မာစစ်တပ်ထဲကို ၂ဝဝ၂ မှာ ဝင်ရောက်ခဲ့တာဖြစ်ပြီး၊ ဗိုလ်မှူးအဆင့်ထိ တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ဖခင်နဲ့ အဆက်အသွယ်ပြတ်နေတာဖြစ်တဲ့ ဗိုလ်မှူးဟောင်း အောင်မြင့်စိုး ဟာ AA ထဲကို ရောက်နေတယ်ဆိုတာ ကော်မရှင်ပြောမှ တရားဝင်သိရကြောင်း၊ သားနဲ့ အဆက် အသွယ် မရှိခဲ့တာကြောင့် ဒီပုဒ်မနဲ့ မငြိစွန်းကြောင်းတွေကို တုံ့ပြန်ခဲ့တယ်လို့ ဦးဖိုးစံက ပြောပါတယ်။
ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ အယူခံဝင်လိုကြောင်းပြောဆိုရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပို့လာတဲ့စာဖြစ်လို့ ပြည်နယ်အဆင့်နဲ့ ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက တုံ့ပြန်ခဲ့တယ်လို့လည်း ဦးဖိုးစံကပါတယ်။
ဒါကြောင့် ဦးဖိုးစံက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လိပ်မူပြီး သြဂုတ်လ ၂၄ ရက်နေ့မှာ အယူခံလျှောက် ထားခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းပြန်စာထဲမှာတော့ ဦးဖိုးစံဟာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁ဝ (ဎ)နဲ့ ငြိစွန်းသူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ပြောကြားလာတဲ့အတွက် ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပယ်ချဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ဒါ့အပြင် ဦးဖိုးစံအနေနဲ့ သတ်မှတ်ကာလဖြစ်တဲ့ တပတ်အတွင်းမှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ အယူခံမဝင်ခဲ့တာကြောင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲရဲ့ မူလဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တယ်လို့လည်း သြဂုတ်လ ၂၇ ရက်နေ့ ရက်စွဲနဲ့ အကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွန်းကတော့ "အဲဒါတွေကိုတော့ ကျွန်တော်မပြောနိုင်ဘူးခင်ဗျ။ ဒါက ဗဟိုကနေလာတာ။ အဲဒါကို ပြောလို့မရဘူးခင်ဗျ" လို့ ပြောပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ခရိုင်ကော်မရှင်ရဲ့အမိန့်စာကို ကာယကံရှင်လက်ထဲ တရားဝင် ပေးအပ်ဖို့အတွက် ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးကို ဦးဖိုးစံက ဒီနေ့ စာရေးတင်ပြချိန်မှာလည်း နိုင်ငံတော်သမ္မတဆီ စာပို့တောင်းရင်တောင် မပေးနိုင်ကြောင်း ငြင်းလိုက်တယ်လို့ ဦးဖိုးစံက ပြောပါတယ်။
ဦးဖိုးစံကို စွပ်စွဲပြီး ပယ်ချခဲ့တဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ - ၁ဝ (ဎ) မှာ တည်ဆဲဥပဒေတရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်တွေ ကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်ကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ သောင်းကျန်းသူအဖွဲ့အစည်းတွေ ဒါမှမဟုတ် အဲဒီအဖွဲ့အစည်းဝင်တွေနဲ့ ဆက်သွယ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားရှိသူဟာ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ပိုင်ခွင့် မရှိစေရလို့ ပြဌာန်း ထားတာပါ။
ANP ပါတီ ပြောရေးဆိုခွင့်ရှိသူကတော့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကတော့ ဦးဖိုးစံဟာ လက်ရှိမှာ တရားဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တာကြောင့် ကော်မရှင်ရဲ့ စွပ်စွဲချက်ဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ ပြောပါတယ်။
"စွပ်စွဲခံရသူရဲ့ သားတစ်ယောက်ဟာ အေအေ ရက္ခိုင့်တပ်တော်မှာရှိနေတယ်ဆိုတဲ့ အကြောင်းကြောင့် အခု လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းမဖြစ်ထိုက်ဘူးဆိုရင် သူဟာ အခုလက်ရှိပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တရားဝင်ဖြစ်နေသမျှကာလပတ်လုံး ဒီကိစ္စဟာ သားရဲ့ကိစ္စဟာ သူနဲ့ဘာမှမငြိစွန်းဘူးဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားဖြစ်ပါတယ်။ အဲတော့ လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ ဥပဒေနဲ့မငြိစွန်းဘဲ တရားဝင်ရပ်တည်နိုင်ရဲ့သားနဲ့ လာမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းဖြစ်ဖို့ ကိုယ်စားလှယ်ဖြစ်ဖို့ရာအတွက်တော့ ဒီဥပဒေနဲ့ငြိစွန်းတယ်ဆိုတာဟာ ယူဆချက်၊ ထင်မြင်ချက်ဖြစ်ပြီးတော့ ခိုင်လုံးတဲ့၊ ကျိုးကြောင်းဆီလျော်တဲ့ အချက်အလက် မဖြစ်နိုင်ဘူးလို့ ကျွန်မတို့ပါတီက ယူဆပါတယ်"
ပြည်တွင်း လူ့အခွင့်အရေး လှုပ်ရှားရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက သားဖြစ်သူ လက်နက်ကိုင်အဖွဲ့ထဲရောက်နေလို့ သူ့ရဲ့မိသားစုကို အနှောင့်အယှက်ပေးတယ်ဆိုတာ စစ်အစိုးရ လက်ထက်ကပင် အစဉ်အဆက်လုပ်လာတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
"သားတစ်ယောက်က လက်နက်ကိုင်အဖွဲ့ထဲမှာရှိတဲ့အတွက်မို့လို့ အဖေကိုဆက်သွယ်တယ်လို့တော့ ကျွန်တော် တို့ ပြောလို့မရပါဘူး။ ဒါက အစဉ်အဆက် စစ်အစိုးရလက်ထက်ကတည်းက ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ ၈၈ အတွင်းမှာ တောခိုလာတဲ့ ကျောင်းသားတွေ သူတို့ တောခိုသွားတဲ့အတွက်ကြောင့်မို့လို့ မိသားစုတစ်ခုလုံးကို အစဉ်အဆက်နှိပ်စက်တာ၊ အနှောင့်အယှက်ပေးတဲ့ အစဉ်အလာရှိပါတယ်။ အဲတော့ သွေးသားဆိုတာ မတော်လို့ကမရပါဘူး။ တော်ပြီးသားပါ။ ဒါပေမဲ့ အဲဒီအပေါ် မှာ အခြေခံပြီးတော့ ဆက်သွယ်၊ ဒါမှမဟုတ် အားပေးထောက်ခံတယ်ဆိုတဲ့ ကောက်ချက်ကတော့ အရင်အစိုးရ ပုံစံအတိုင်းဖြစ်တဲ့အတွက် ဒီထက်ပိုမိုပြီးတော့ တိကျသော ဆက်သွယ်မှုရှိတယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ သံသယတစ်ခုနဲ့၊ သွေးသားတော်စပ်မှု တစ်ခုနဲ့ ဒါကို ကျွန်တော်တို့ သံသယအကျိူးကိုခံစားခွင့်မရှိတာကတော့ သေချာပါတယ်ခင်ဗျ"
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ အချိန်မမီတော့တဲ့အတွက် ဦးဖိုးစံသာ ယှဉ်ပြိုင်ခွင့်မရခဲ့ရင် ရခိုင်အမျိုးသားပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး လစ်လပ်သွားမှာဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီကဦးဖိုးစံအပေါ် စွပ်စွဲချက်ဟာ ထင်မြင်ယူဆချက်သာဖြစ်ပြီး ခိုင်လုံပြီးကျိုးကြောင်း ဆီလျော်မှုမရှိတဲ့အတွက် ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်အဖြစ် ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်နယ်လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ချင်းတိုင်းရင်းလူမျိုးစုမဲဆန္ဒနယ် စတာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည် စာရင်းတင်သွင်းထားသူဟာ ၃၈၆ ဦးအထိ ရှိခဲ့ပါတယ်ခင်ဗျာ။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဒီကိစ္စဟာ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တာကြောင့် တပ်မတော်ဘက်က တစ်စုံတစ်ရာ မှတ်ချက်မပေးလိုဘူးလို့ ပြောပါတယ်။
"ကျွန်တော်တို့ပယောဂ ပါစရာအကြောင်းမရှိဘူး။ ရွေးကောက်ပွဲကော်မရှင်က လွတ်လပ်တဲ့ကော်မရှင်ပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့တောင်မသိသေးပါဘူး။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့က ကိုယ်စားလှယ် လောင်းတွေကိုစီစစ်တာ၊ ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုတာကိုက ရွေးကောက်ပွဲကော်မရှင်ဟာ သီးခြားလွတ်လပ်တဲ့ ကော်မရှင်တစ်ခုပဲ။ ဘယ်သူ့လွှမ်းမိုးမှုမှမခံဘူးလို့ သူတို့လည်းပြောခဲ့တာပဲ။ ဒါကြောင့် ဒီကိစ္စအပေါ် မှတ်ချက်မပေးလိုပါဘူး"
သားဖြစ်သူ အေအေ အဖွဲ့ထံရောက်နေလို့ ဦးဖိုးစံ လွှတ်တော်ကိုယ်စားလှယ် ဝင်ပြိုင်ခွင့်ပယ်ချခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကို RFA က ဆက်သွယ်မေးမြန်းရာမှာ - မြန်မာနိုင်ငံဥပဒေတွေဟာ သမာသမတ်ရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဗိုလ်မှူးအောင်မြင့်စိုး ဟာ အေအေထဲကို ဝင်ရောက်သွားလို့ သူ့အဖေအနေနဲ့ ရွေးကောက်ခံခွင့်မရှိဘူးဆိုတာ လုံးဝ တရားမျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်လို့ မြင်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးချိန်မှာ နိုင်ငံတကာဥပဒေအရ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတဲ့အတွက် သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မိဘတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ အချိန်မမီတော့တဲ့အတွက် ဦးဖိုးစံသာ ယှဉ်ပြိုင်ခွင့် မရခဲ့ရင် ရခိုင်အမျိုးသားပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး လစ်လပ်သွားမှာဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီက ဦးဖိုးစံအပေါ် စွပ်စွဲချက်ဟာ ထင်မြင်ယူဆချက်သာဖြစ်ပြီး ခိုင်လုံပြီးကျိုးကြောင်း ဆီလျော် မှုမရှိတဲ့အတွက် ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိရေး ဆက်လက်ကြိုးပမ်း သွားမယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်နယ်လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ချင်းတိုင်းရင်းလူမျိုးစုမဲဆန္ဒနယ် စတာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည် စာရင်းတင်သွင်းထားသူဟာ ၃၈၆ ဦးအထိ ရှိခဲ့ပါတယ်။