ကျောက်ဖြူစီမံကိန်းကို ဒေသခံတွေ မနစ်နာအောင် ဆောင်ရွက်မည်


2017.04.29
kyaukphyu-project-press-620.jpg စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မယ့် ကိစ္စနဲ့ပတ်သက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ရှင်းလင်းစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်မယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဒေသခံတွေထိခိုက် နစ်နာမှုမရှိအောင် အလေးထားဆောင်ရွက်မှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေကိုရှင်းပြရာမှာ ဝန်ကြီးက အဲဒီလို ပြောတာဖြစ်ပါတယ်။

"ဒေသခံများမှာလည်းတဖက်က စိုးရိမ်မှုရှိပါတယ်၊ သဘာဝပျက်သွားမလား၊ ငါတို့မြေတွေဆုံးရှုံး သွားရင် ငါတို့ဘာမှမရဘူးဆိုတဲ့ ခါးသီးတဲ့အတွေ့ အကြုံတွေရှိပါတယ်၊ ဒါကိုလည်း ကျနော်တို့ ထည့်သွင်းစဉ်းစားထားပါတယ်၊ ဒီလိုမဖြစ်အောင် ကျနော်ကတော့ ဒေသဆိုင်ရာအာဏာပိုင် များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ ညှိနှိုင်းပြီးတော့ အကောင်းဆုံးဖြစ်အောင်၊ ဒေသခံတွေ မကြိုက်ရင်လည်း ဘာမှလုပ်လို့မရပါဘူး"

ကျောက်ဖြူခရိုင်အတွင်းမှာရှိတဲ့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင် စတဲ့မြို့နယ်တွေမှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ အဆင့်မြင့်အိမ်ရာ စီမံကိန်းတွေပါဝင်မှာဖြစ်ပြီး မြေ ဧကပေါင်း ၄၂ဝဝ ကျော်မှာ အကောင်အထည်ဖော်ဖို့ လျာထားတာဖြစ်ပါတယ်။

အဲဒီအထူးစီးပွားရေးဇုန်စီမံကိန်းကို ၂ဝ၂၈ ခုနှစ်အထိ အဆင့် ၃ ခုနဲ့ အကောင်အထည်ဖော် ဆောင်ရွက် မှာ ဖြစ်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်းက ကုမ္ပဏီပေါင်း ၅ဝ က အဆိုပြုတင်ပြထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။