တိုက်ပွဲတွေ ရပ်တန့်ရေး ကျောက်တော်မှာ ဆန္ဒပြတောင်းဆို

ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ သံဃာတော်တွေနဲ့ ဒေသခံ ၄၀ လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ပြည်တွင်းစစ်က တိုင်းရင်းသားတွေအတွက် ဆိုးကျိုးတွေသာဖြစ်စေတာကြောင့် စစ်ပွဲတွေအမြန်ဆုံးရပ်တန့်ဖို့ လိုအပ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကျောက်တော်မြို့ခံ ဦးမောင်အေးစောက ပြောပါတယ်။

"ကျနော်တို့ တိုင်းပြည်က မငြိမ်မသက်နဲ့ ပြည်တွင်းစစ်ကာလကို ဖြတ်သန်းပြီး ကျနော်တို့ အားလုံးခါးသီးတဲ့ အတွေ့အကြုံတွေကို ခံစားရတယ်၊ ဖက်ဒရယ်နိုင်ငံတော်ကို ထူထောင်မယ်ဆိုပြီးတော့လေ နိုင်ငံတော်အစိုးရ ကရော တပ်မတော်ကရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကရော တိုင်းရင်းသားပါတီတွေ ကရော အားလုံးသဘောတူထားပြီးကြပြီ၊ ဒီအချိန်မှာ ဘာဖြစ်လို့ စစ်ဖြစ်ကြရတော့မှာလဲ၊ သေနေကြတဲ့ဟာတွေ က အကုန်လုံးတိုင်းရင်းသားတွေပဲလေ၊ စစ်ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေအတွင်းမှာ အမုန်းတရားတွေ ပိုပြီးတော့ သက်ဆိုးရှည်လာမယ်၊ ဒါကို ကျနော်တို့မလိုချင်ဘူး၊ စစ်ပွဲတွေရပ်သင့်ပြီ၊ အဲဒါကြောင့် စစ်ပွဲရပ်စဲဖို့ လာပြီးတော့ ပူးပေါင်းရတာဖြစ်ပါတယ်"

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ တိုင်းရင်းသား တန်းတူအခွင့်အရေးရရှိရေး၊ နိုင်ငံရေးပြဿ နာတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးစတဲ့အချက်တွေကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က စပြီး အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲ ၁၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။

ကျောက်တော်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဒါ့အပြင် အစိုးရတပ်မတော်ဘက်က ပေါ်တာဆွဲတာတွေ ရှိနေတာကြောင့် ဒေသခံအမျိုးသားတွေဟာ လယ်ယာလုပ်ငန်းခွင်တွေကို လုပ်ကိုင်နိုင်ခြင်းမရှိကြတော့ဘဲ နီးစပ်ရာနေရာတွေမှာ ပုန်းအောင်းနေရတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။