နာရေးအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ပြည်သူ့ဂုဏ်ရည်ပွဲ တက်ရောက်မည်

မေလ (၂၇) ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပမယ့် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံက နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ တက်ရောက်မှာ ဖြစ်တယ်လို့ အာအက်ဖ်အေကို ပြည်သူ့ဂုဏ်ရည်အသင်းက မနေ့က အတည်ပြု ပြောဆိုပါတယ်။

2012.04.19
assk-free-funeral-donation-305-z ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း ဆယ်နှစ်ပြည့် အခမ်းအနားကို ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပြီး၊ အသင်း၏ လူမှှုရေးလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ တသောင်း ငါးထောင် လှူဒါန်းခဲ့ပါသည်။ (Photo: demowaiyen)
Photo: demowaiyen

ဦးကျော်သူနဲ့အတူ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်လည်း လိုက်ပါလာမှာဖြစ်ပြီး မြန်မာလူမှုရေးလုပ်ငန်း အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်နယ် တချို့ကို လှည့်လည် ဟောပြောမယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်းက ပြောပါတယ်။

ဦးကျော်သူဟာ ပြည်သူ့ဂုဏ်ရည်ဆု ပထမဦးဆုံးဆုရှင် ဖြစ်ပါတယ်။ ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဖို့ ပဏာမ အမည်စာရင်း အယောက် (၂၀) ကိုလည်း ဧပြီလ (၁၇) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ထူးခြားချက်အနေနဲ့ ကချင်ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ ကချင်လူငယ် လဖိုင်နော်မိန်း အပါအဝင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တစိုက်မတ်မတ် ဆောင်ရွက်နေသူ သစ်တောပညာရှင် ဦးအုန်းနဲ့ မနှစ်က မင်္ဂလာတောင်ညွန့် မေတ္တာမွန် ကုန်လှောင်ရုံကို မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့ မီးသတ်သမား (၅) ဦးရဲ့ အမည်စာရင်းတွေလည်း ပါဝင်ပါတယ်။

လာမည့် ဧပြီလ (၂၂) ရက်နေ့ နောက်ဆုံးထားပြီး ဆုရှင် ဆန်ကာတင် ငါးဦး (သို့မဟုတ်) ငါးဖွဲ့အမည်စာရင်းကို ပေးပို့ကြဖို့လည်း ပြည်သူ့ဂုဏ်ရည်အသင်းက ကြေညာထားပါတယ်။

အမေရိကန် ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်တွင်း စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေကို ဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ကို ၂၀၀၉ ခုနှစ်ကတည်းက နှစ်စဉ် ချီးမြှင့်ခဲ့တာဖြစ်ပြီး ဆုအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။