ဦးကျော်မြင့် လဝကအမှုကို တခြားရုံးမှာစွဲဖို့ ချမ်းအေးသာစံတရားရုံး ပြော


2020.11.25
kyawmyint-udp-court-622.jpg နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ၂၀၂၀၊ နိုဝင်ဘာ ၂၅ ရက်နေ့က မန္တလေး ချမ်းအေးသာစံတရားရုံးမှာ ရုံးထုတ်စဉ်
ဓာတ်ပုံ - ခေမဏီဝင်း/ RFA

နှင်းဆီပါတီမှာ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဦးကျော်မြင့်ကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၃ (၁) နဲ့ စွဲထားရာမှာ အမှုနယ်မြေစီရင်ပိုင်ခွင့် အငြင်းပွားမှုရှိတာကြောင့် တခြားမြို့နယ်မှာ ပြောင်းစွဲဖို့ မန္တလေး ချမ်းအေးသာစံ တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တရားခံကို လွှတ်လိုက်တာမဟုတ်ကြောင်း၊ သူကို ဖမ်းဆီးရမိတဲ့၊ လဝက ဥပဒေ ချိုးဖောက်ခဲ့တယ်ဆိုတဲ့ နေရာမျိုး ဥပမာ ရန်ကုန်၊ မူဆယ်လို မြို့နယ်တွေမှာ တရားစွဲဆိုနိုင်ပြီး ဒါဟာ ဥပဒေ အကြံပေးအပေါ်မှာ မူတည်ကြောင်း  ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောပါတယ်။

ဒါကြောင့် ချမ်းအေးသာစံမှာ ဦးကျော်မြင့်ကို စွဲဆိုထားတဲ့ အမှုမရှိတော့ပါဘူး။

အခုလ ၁၂ ရက်နေ့က ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ နှင်းဆီပါတီ ခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှု ပုဒ်မ ၂၂၄ နဲ့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ထားပြီး ဖြစ်ပါတယ်။

ဦးကျော်မြင့်ဟာ လက်ကျန် ထောင်ဒဏ် ရှစ်နှစ်ကိုလည်း ကျခံရမှာ ဖြစ်ပါတယ်။

အစိုးရကတော့ ဦးကျော်မြင့်ဟာ စီးပွားရေးလုပ်ဆောင်ရာမှာ  ငွေကြေးခဝါချမှု ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒီကနေ့ ဦးကျော်မြင့်ကို ခါတိုင်းလိုပဲ လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ရုံးထုတ်ခဲ့တာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။