နမ့်စလပ်စခန်းကုန်းနဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို သိမ်းယူနိုင်ခဲ့ကြောင်း MNDAA ပြော

RFA Burmese
2023.11.25
နမ့်စလပ်စခန်းကုန်းနဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို သိမ်းယူနိုင်ခဲ့ကြောင်း MNDAA ပြော ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ ကုန်သွယ်ရေးစခန်း မီးလောင်နေသည့် မြင်ကွင်း။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီး ကျင်စန်းကျော့နယ်စပ်ဂိတ်နဲ့ သိန္နီမြို့နယ်က နမ့်စလပ်စခန်းကုန်းကို ကိုးကန့်တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က နိုဝင်ဘာ ၂၅ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာရှိတဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းစွဲထားတဲ့ နမ့်စလပ်စခန်းကုန်းကိုလည်း နိုဝင်ဘာလ ၂၄ ရက်နေ့မှာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ MNDAA ပြောခွင့်ရသူ လီကျားဝင်းက ပြောပါတယ်။

“ကျင်စန်းကျော့နယ်စပ်ဂိတ်ကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့ပြီ ။ အလံတင်နိုင်လိုက်ပါပြီ။ ကျွန်တော်တို့ပြောတာ ကားကွင်းတို့ ပုဂ္ဂလိကပိုင်တွေကို ကျွန်တော်တို့ရဲ့ စစ်ရေး Target မဟုတ်ဘူး။ ကျွန်တော်တို့လည်း မတိုက်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီနေရာယူထားတဲ့ စခန်းတို့ ဌာနတို့ကတော့ ကျွန်တော်တို့ရဲ့ စစ်ရေးTarget ပဲလေ။ မနေ့က ၂၄ ရက်နေ့မှာတော့ ကျွန်တော်တို့ နမ့်စလပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီဗျ။ နမ့်စလပ်မှာတပ်စွဲထားတဲ့ ၅၆၇ ၊ ၅၆၈ တပ်စခန်းတွေကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့ပြီ”

ကိုးကန့်တပ်ဖွဲ့ဝင်တွေ နမ့်စလပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ သံချပ်ကာကားတစ်စီး ၊ ဟောက်မွေဇာအမြှောက်လက်နက်ကြီးကို သိမ်းဆည်းနိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကတစ်ဆင့် နိုဝင်ဘာ ၂၅ ရက်နေ့ စစ်ရေးအခြေအနေတွေကို ထုတ်ဖော်ပြောဆိုရာမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေကို ထည့်ပြောခဲ့ပေမဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်နဲ့ နမ့်စလပ်စခန်းကုန်း သိမ်းယူခဲ့တယ်ဆိုတာကို ထည့်သွင်းပြောဆိုတာမရှိပါဘူး။

နိုဝင်ဘာ ၂၅ရက်နေ့က ကျင်စန်းကျော့နယ်စပ်ဂိတ်တစ်လျှောက် တိုက်ပွဲတွေပြင်းထန်နေပြီး အလုပ်သမားအချို့နဲ့ဒေသခံအချို့ မူဆယ်မြို့ကို စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်နေကုန်လုံးကတော့ပစ်သံတွေကြားနေရတာပဲ။ ဒရုန်းတွေက အသံပဲ ကြားရတယ်မမြင်ရဘူး။ ပြီးရင်လက်နက်ကြီးသံတွေဆက်တိုက်ကြားနေရတာပါပဲ။ တချို့ကတော့ဒီဘက်မှာမနေကြတော့ဘူး။ တချို့ မူဆယ်တက်သွားကြတာတွေရှိပါတယ်”

နိုဝင်ဘာလ ၂၃ ရက်နေ့က ကျင်စန်းကျော့နယ်စပ်ဂိတ် ကုန်တင်ကားဝင်းထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ကားဝင်းထဲ ရပ်နားထားတဲ့ ကုန်တင်ကားကြီး ၁၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒီမီးလောင်မှုမှာ စစ်ကောင်စီဘက်က သူတို့ ပစ်ခတ်တာ မဟုတ်ဘဲ MNDAA, TNLA နဲ့ ပူးပေါင်းလက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်တာလို့ ပြောဆိုထားပြီး ကိုးကန့်တပ်ဖွဲ့တာဝန်ရှိသူကတော့ သူတို့ပစ်ခတ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။