မိုင်းနင်းမိတဲ့ စစ်ဘေးဒုက္ခသည် ကလေး ခြေထောက်တစ်ဖက်ပျက်စီး
2024.06.12

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းယူထားတဲ့ ရှမ်းပြည်နယ် မန်တုံမြို့နယ် စစ်ဘေးဒုက္ခသည်စခန်းက ကလေးတစ်ဦး ဇွန်လ ၁၁ ရက်နေ့က မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ အမှတ် (၁၃၀) စခန်းဟောင်းအနီး အသက် ၁၆ နှစ်အရွယ် မိုင်းယာလေး တောတွင်းမှိုရှာနေချိန် မိုင်းနင်းမိပေါက်ကွဲခဲ့တာကြောင့် ခြေထောက်တစ်ဖက်ပြတ်ထွက်ခဲ့ပြီး မန်တုံဆေးရုံကို ပို့ဆောင်ဆေးကုသနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစခန်းအနီးမှာ မိုင်းရှိနေနိုင်တယ်လို့ သတိပေးတာတွေ လုပ်နေပေမဲ့ ပြည်သူတွေ ထိခိုက်ပျက်စီးတာတွေ တွေ့ကြုံနေရတယ်လို့ TNLA ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။
''ကျွန်မတို့က လူထုတွေကို စစ်ကောင်စီရဲ့ တပ်စခန်းတွေ စစ်ကောင်စီနဲ့နီးစပ်တဲ့အဆောက်အဦတွေနားမသွားကြဖို့ ပြောကြားတာမျိုးရှိတယ်။ အထူးသဖြင့် ဒီလိုမျိုးမိုးရာသီမှာ မသွားတာပိုကောင်းတယ်။ အခုက မိုင်းတွေက အရင်ကရှိထားတာတွေ ပြန်ပြီးတော့မှ ပေါ်လာတာမျိုးတွေရှိတတ်လို့ပါ။''
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ပန်လော့ရွာမှာ ဒေသခံအမျိုးသားတစ်ဦး စစ်ကောင်စီထောင်ထားတဲ့မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ "၁၀၂၇ စစ်ဆင်ရေး" စတင်ချိန်ကနေ အခုအချိန်အထိ မိုင်းပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ကျော်ရှိပြီလို့ TNLA က ပြောပါတယ်။