ကျောက်တော်မြို့နယ်မှာ မိုင်းနင်းမိလို့ အမျိုးသမီးတစ်ဦး အပြင်းအထန်ဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ငှက်ပျောချောင်းကျေးရွာမှာ မနေ့က ဇွန်လ ၁၇ ရက် နေ့လယ်က အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ ဘယ်ခြေထောက် ခြေကျင်းဝတ်အောက်ပိုင်း ပြတ်ထွက်သွားတယ်လို့ မိသားစုက RFA ကို ပြောပါတယ်။

ဒဏ်ရာပြင်းထန်ရသွားတဲ့သူဟာ အသက် ၄၉ နှစ်အရွယ် ဒေါ်အေးမြဖြစ်ပါတယ်။ သူဟာ မနေ့နေ့လယ်က ရွာနဲ့ တစ်မိုင်လောက် ဝေးတဲ့တောထဲမှာ မျှစ်ခူးသွားစဉ် မိုင်းတစ်လုံးနင်းမိပြီး အခုလို ဒဏ်ရာရသွားခဲ့တာဖြစ် တယ်လို့ မိသားစုဝင် တစ်ဦးဖြစ်သူ ဦးအောင်မြင့်က ပြောပါတယ်။

အခုလက်ရှိတော့ လူနာဟာ ဒဏ်ရာပြင်းထန်တာကြောင့် ကျောက်တော်ဆေးရုံကနေ စစ်တွေပြည်သူ့ ဆေးရုံကြီး ဆေးကုသဖို့ ရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။

မိုင်းနင်းမိတဲ့ တောင်တန်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပြီး အဲဒီအနီးအနားတဝိုက်မှာလည်း တပ်မတော်က တပ်စွဲခဲ့တဲ့နေရာဖြစ်တယ်လို့လည်း ဦးအောင်မြင့်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီမိုင်းက ဘယ်အဖွဲ့ရဲ့ မိုင်းလဲ၊ ဘယ်လိုမိုင်းအမျိုးအစားလဲ ဆိုတာကိုတော့ မသိရဘူးလို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲတွေ ရပ်စဲနေတဲ့ အချိန် ရှစ်လနီးပါး ကာလအတွင်းမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ပေါက်ကွဲမှုကြောင့် သေဆုံးတဲ့အရပ်သား ၁၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၄၉ ဦးအထိရှိသွားပြီဖြစ်ပါတယ်။

RFA က ကောက်ယူရရှိတဲ့ထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီကနေ ဇွန်လ ၁၈ ရက်နေ့အထိ မိုင်း၊ လက်နက်တွေအပြင် စစ်ရေးပဋိပက္ခတွေ ကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၃၂ဝ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူကတော့ ၇၃ဝ အထိ ရှိသွားပြီဖြစ်ပါတယ်။