ပွင့်ဖြူမှာ မြေမြှုပ်မိုင်းကြောင့် ခြောက်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ
2025.02.12

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် အနောက်ခြမ်းမှာ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်နေချိန် မြေမြှုပ်မိုင်းနင်းမိတာကြောင့် နှစ်ပတ်ကျော်အတွင်း အရပ်သား ခြောက်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြောပါတယ်။
ပွင့်ဖြူမြို့နဲ့ ၁၆ မိုင်ဝေးတဲ့ ဆည်တော်ရွာမှာ ဆောင်းသီးနှံဖြစ်တဲ့ ကြက်သွန်စိုက်ခင်းထဲ လုပ်ငန်းခွင်ဝင်နေတဲ့ အရပ်သား ခြောက်ဦးအထိ သေဆုံးခဲ့တာဖြစ်ပြီး ဆည်တော်ရွာနဲ့ သုံးမိုင်ဝေးတဲ့ ဖလံကျင်းရွာမှာတော့ နှစ်ဦး ဒဏ်ရာရခဲ့တာပါ။
ဒါကြောင့် အဲဒီရွာနှစ်ရွာ အပါအဝင် ရွာနီးချုပ်စပ်က ဒေသခံတွေ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ကြဖို့ စိုးရိမ်နေကြတယ်လို့ ပွင့်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။
"အခုရက်ပိုင်းမှာဆိုရင် ဖလံကျင်းက နှစ်ယောက် မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်။ ဆည်တော်ရွာက နှစ်ယောက်လည်း ဒီလ ၇ ရက်နေ့က ကြက်သွန်ခင်းထဲမှာ မိုင်းနင်းမိပြီး တစ်ခါတည်း သေသွားတာ။ ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်ကလည်း ကြက်သွန်ခင်းထဲမှာပဲ မိုင်းနင်းမိလို့ သေတာရှိတယ်။ အဲဒီတုန်းကတော့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားသုံးယောက်၊ အားလုံးပေါင်း ခြောက်ယောက်ရှိသွားပြီ။ တစ်လမကျော်သေးဘူး မိုင်းကြောင့်သေတာ"
ပွင့်ပြူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့တာတွေရှိသလို ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာပါ။ မြေမြှုပ်မိုင်းတွေကို ဘယ်အဖွဲ့အစည်းက ထောင်ထားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
မြန်မာနိုင်ငံမှာ၂၀၂၄ ဇန်နဝါရီကနေ စက်တင်ဘာလအထိ ကိုးလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၃၀ သေဆုံးပြီး ၇၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။