ယုဇနကုမ္ပဏီက သိမ်းခဲ့တဲ့မြေတွေကို KIO ပြန်သိမ်းယူပြီး ဒေသခံတွေကိုပေး

ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေမှာ ယုဇနကုမ္ပဏီက သိမ်းယူထားတဲ့ မြေနေရာတွေကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြန်လည်သိမ်းယူပြီး ဒေသခံတွေဆီကို ပြန်ပေးဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးသန်းရွှေ စစ်အစိုးရလက်ထက် ၂ဝဝ၆ ခုနှစ်မှာ အဲဒီဒေသက မြေဧက နှစ်သိန်းကျော်ကို ယုဇနကုမ္ပဏီက သိမ်းယူခဲ့တာလို့ ဆိုပါတယ်။ ဒီမြေတွေကိုပြန်ပေးဖို့ ယုဇန ကုမ္ပဏီဘက်ကို ဒေသခံတွေ တရားစွဲခဲ့သလို၊ ဆန္ဒပြတောင်းဆိုခဲ့ပေမယ့် အဲဒီအချိန်က မအောင်မြင်ခဲ့ပါဘူး။

“အခုတော့ KIA နဲ့ ကျေးရွာဒေသခံတွေ ပူးပေါင်းပြီး ကော်မတီဖွဲ့ထားတယ်၊ မြေနေရာ စီစစ်ခွဲဝေဖို့ ကျေးရွာလိုက် ဆပ်ကော်မတီဖွဲ့ထားတယ်၊ ဒါပေမဲ့ KIO ဘက်က အဲဒီဆပ်ကော်မတီတွေကို အတည်ပြုထားတာတော့ မရှိသေးဘူး။ ဆပ်ကော်မတီတွေ အတည်ပြုတာနဲ့ ခွဲဝေပေးတဲ့အလုပ်တွေ ဆက်လက်လုပ်ဆောင်သွားတော့မယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

signal-2022-05-24-081246_005.jpeg

ယုဇနကုမ္ပဏီဝန်ထမ်းတွေသာမက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါနေထိုင်နေတဲ့ ကုမ္ပဏီနေအိမ်တွေနဲ့ ခြံစည်းရိုးတွေကို KIA က ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာ သွားရောက်ရှင်းလင်းခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

အဲဒီနောက် ကုမ္ပဏီဝန်ထမ်းတွေဟာ သိမ်းထားတဲ့မြေတွေပေါ်မှာ ဆက်မနေရဲတော့ဘဲ ထွက်သွားကြတယ်လို့ ဆိုပါတယ်။

“သိမ်းတဲ့အချိန်တုန်းကဆိုရင် သေနတ်ကိုင်ပြီး ဘက်ဖိုးနဲ့ အကုန်တူးပြီး သိမ်းသွားတာ။ အဲဒီအချိန်က တော်တော်ခက်ခဲသွားတယ်၊ တချို့ဆို ရွာပြောင်းသွားရတယ်၊ အခုကတော့ ယုဇနကုမ္ပဏီနဲ့ဆိုင်တဲ့ဟာ တစ်ယောက်မှ မရှိတော့ဘူး”လို့ အမည်မဖော်လိုတဲ့ ဝါရာဇွပ်ရွာသားတစ်ဦးကလည်း ပြောပါတယ်။

signal-2022-05-24-081246_003.jpeg

KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဒီကိစ္စနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စကို ဗဟိုက ကိုင်တွယ်လုပ်ဆောင်နေတာ မဟုတ်လို့ အသေးစိတ်မသိဘူးလို့ ဆိုပါတယ်။ KIA တပ်မဟာ(၂)ဖြစ်တဲ့ ဟူးကောင်ခရိုင်က ဒါတွေကို စီစဉ်လုပ်ဆောင်နေတာလို့ ပြောပါတယ်။

ဒေသခံတွေကတော့ ပြီးခဲ့တဲ့ မေလ ၂ဝ ရက်နေ့မှာ ယုဇနကုမ္ပဏီက သိမ်းထားတဲ့ မြေယာတွေ ပြန်ရတဲ့အထိမ်းအမှတ်နဲ့ ခရစ်ယာန်ဘာသာအရ ကျေးဇူးတော်ချီးမွမ်းပွဲကို ဝါရာဇွပ်ရွာမှာ လုပ်ခဲ့ကြပါတယ်။