ပန်ဝါ မြေရှားသတ္တုလုပ်ကွက် မြေပြိုမှု ရုပ်အလောင်း သုံးဆယ် တွေ့ရှိထားပြီး ရှာဖွေမှုတွေ ရပ်ဆိုင်း

RFA Burmese
2024.06.28
ပန်ဝါ မြေရှားသတ္တုလုပ်ကွက် မြေပြိုမှု ရုပ်အလောင်း သုံးဆယ် တွေ့ရှိထားပြီး ရှာဖွေမှုတွေ ရပ်ဆိုင်း ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တစ်ခုကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့အနီးက မြေရှားသတ္တုလုပ်ကွက် မြေပြိုကျမှုအတွင်း ပျောက်ဆုံးနေသူတွေထဲက လူသုံးဆယ်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး ရှာဖွေလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီလို့ ဒေသခံတွေက ဇွန်လ ၂၈ ရက်နေ့မှာ ပြောပါတယ်။

ပန်ဝါမြို့နဲ့ သုံးမိုင်ခန့်အကွာ ပါထိုင်ဟော် ဆိုတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း မိသားစုတွေပိုင်ဆိုင်တဲ့ မြေရှားသတ္တုလုပ်ကွက်မှာ ဇွန်လ ၁၉ ရက်နေ့ည ၁၂ နာရီခန့်က မြေပြိုကျခဲ့တာဖြစ်ပြီး ထမင်းချက်တဲ့ အမျိုးသမီးတွေ အပါအဝင် အလုပ်သမား ၃၁ ဦး ပျောက်ဆုံးခဲ့တာပါ။

တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေထဲမှာ အမျိုးသားအလောင်း ၂၆ ဦးနဲ့ အမျိုးသမီးလေးဦး ပါဝင်ပါတယ်။

အမျိုးသမီးလေးဦးထဲက တစ်ဦးက တရုတ်နိုင်ငံသူဖြစ်တာကြောင့် ရုပ်အလောင်းကို တရုတ်နိုင်ငံအထိ ပြန်လည်သယ်ယူသွားပြီး ကျန်ရုပ်အလောင်း အားလုံးကိုတော့ ပန်ဝါမြို့မှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အားလုံး အလောင်းသုံးဆယ်တော့ ရှာတွေ့ပြီ။ တစ်ယောက်လောက်ကိုပဲ မတွေ့တာ။ မိသားစုတွေလည်း အများကြီး တက်လာကြတယ်။ ရှာတွေ့တဲ့သူတွေကို ပန်ဝါမှာပဲ သင်္ဂြိုဟ်တာ။ တရုတ်နိုင်ငံသားတစ်ယောက်ကိုတော့ တရုတ်ကို သယ်သွားတယ်။ အခုကတော့ ရှာဖွေမှုတွေ မလုပ်တော့ဘူး”

မြေပြိုမှုကြောင့် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို လုပ်ငန်းရှင်က လျော်ကြေးပေးတာလည်းရှိပြီး ငွေပမာဏ အတိအကျကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။

လက်ရှိအခြေအနေတွေကို မေးမြန်နိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန်လ ၄ ရက်နေ့ကလည်း ပန်ဝါမြို့နဲ့ ငါးမိုင်ခန့်အကွာ နယ်ခြားမှတ်တိုင်အမှတ် (၃) နားက မြေရှားသတ္တုလုပ်ကွက် မြေပြိုကျခဲ့ပြီး တရုတ်နိုင်ငံသားသုံးဦးအပါအဝင် အလုပ်သမား နှစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။