ဖခင်ဖြစ်သူက ကလေးငယ်တွေကို ဓါးနဲ့ခုတ်
2016.11.06

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဖခင်ဖြစ်သူက ကလေးငယ် ၅ ယောက်ကို ဓားနဲ့ ခုတ်တဲ့အတွက် ၂ ဦးသေဆုံးပြီး ဖခင်ဖြစ်သူကလည်း မိမိကိုယ်ကို သတ်သေဖို့ ကြိုးပမ်းခဲ့ပါတယ်။
လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်မှာ နေထိုင်တဲ့ အိုက်ကျုံး (ခေါ်) အိုက်ကျွမ်းဟာ မနေ့ည (၁၀) နာရီလောက်မှာ အသက် ၂ နှစ်ကနေ ၁၂ နှစ်အရွယ်လောက်အထိရှိတဲ့ ကလေးငယ် ၅ ယောက်ကို အိပ်ခန်းထဲခေါ်ပြီး ဓားနဲ့ခုတ် ကာ မိမိကိုယ်ကိုပါ သတ်သေဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
"အခုပတ်ဝန်းကျင်အနေအထားကို စုံစမ်းထားပြီးပါပြီ၊ ဒီလူဟာ အဲလိုရံဖန်ရံခါ စိတ်ဖောက်တက်တယ်၊ အဲဒီညက စိတ်ဖောက်တော့ မအေလုပ်တဲ့သူက သူ့ရဲ့ မောင်နဲ့ အဖေကို ပြေးခေါ်တဲ့အချိန်မှာဖြစ် သွားတာ၊ မူးယစ်ဆေးဝါးသုံးစွဲထားတာ ရှိ၊ မရှိတော့ ထပ်စစ်ခိုင်းထားတာပေါ့၊ သူကိုတော့ ပထမဆုံး လားရှိုးမြို့မ ရဲစခန်းရဲ့ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ပေါ့ အမှုဖွင့်ထားတယ်၊ နောက် ကိုယ့်ကို ကိုယ် သေကြောင်းကြံစည်မှု လည်ပင်းလှီးတာဖြစ်တဲ့အတွက် ပုဒ်မ ၃ဝ၉ နဲ့ အမှုဖွင့်ထားတယ်"
ဒီအမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးကြောင့် ဖြစ်တာဟုတ် မဟုတ် ကိုတော့ ဆေးရုံက စစ်ဆေးနေတုန်းပဲလို့ လားရှိုးအမှတ် (၁)ရဲတပ်ဖွဲ့စခန်းက ဒုရဲမှူး ကျော်နိုင်က ပြောပါတယ်။
ဓားနဲ့အခုတ်ခံခဲ့ရတဲ့ ကလေးငယ် နှစ်ဦးသေဆုံးပြီ ကျန်သုံးဦးနဲ့ ကျူးလွန်တဲ့ ဖခင်ဖြစ်သူကတော့ ဒဏ်ရာတွေကြောင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။