လက်ပန်းတောင်းတောင်အရေး မိုးကုတ်မြို့မှာ သံဃာတွေ သပိတ်မှောက်
2012.12.03
ဆန္ဒပြ သံဃာတော်တွေက အချက် (၅) ချက်ပါ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ခဲ့ကြပါတယ်။
အဲ့ဒီထိုင်သပိတ်ရဲ့ ဦးဆောင်သံဃာတော်တစ်ပါး ဖြစ်တဲ့ မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော် ဦးက္ကန္ဒက က တောင်းဆိုတဲ့ အချက် (၅) ချက်မှာပါဝင်တဲ့အချက်အချို့ကို အခုလို မိန့်ကြားရွတ်ဖတ်ခဲ့ပါတယ်။
"ရက်စက်မှုကို ဘယ်သူမှ လက်ခံနိုင်မှာမဟုတ်ပါဘူး၊ ပြည်သူ့ ဆန္ဒကိုအလေးထားပါ၊ နိုင်ငံတော်အစိုးရအနေနဲ့ သံဃာထု တစ်ရပ်လုံး ကျေနပ်သည်အထိ ဆောင်ရွက်ပေးရရန် အထက်မြန်မာပြည် သံဃာတော်များမှ တောင်းဆိုပါတယ်"
သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဒီဇင်ဘာလ တစ်ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အရပ်ဘက်က လူပုဂ္ဂိုလ်တွေ ပါဝင်လာပေမယ့် နိုင်ငံရဲ့ အရင်အစိုးရ လက်ထက်ကတည်းက ဒီလိုကော်မရှင်တွေရဲ့ လုပ်ဆောင်ချက်ကို အစိုးရက တကယ်အသိအမှတ်ပြုတာမျိုး မရှိခဲ့တာကြောင့် ဒီကနေ့ မိုးကုတ်သံဃာတော်တွေဟာ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကို မစောင့်ဘဲ ထိုင်သပိတ်ဆန္ဒထုတ်ဖော်တာဖြစ်ကြောင်း ဆရာတော် ဦးက္ကန္ဒက က မိန့်ကြားပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့က စတင်ခဲ့တဲ့ လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုနဲ့ ပတ်သတ်ပြီး သံဃာတော်တွေရဲ့ ကန့်ကွက်ရှုံ့ချဆန္ဒထုတ်ဖော်မှုတွေဟာ မန္တလေးမြို့ ၊ ချောက်မြို့၊ ဝါးခယ်မမြို့နဲ့ မြင်းခြံမြို့တွေအထိ ပြန့်နှံ့ခဲ့ပြီး ဒီကနေ့မှာတော့ မိုးကုတ်မြို့ သံဃာတော်တွေပါ ပါဝင်လာတာ ဖြစ်ပါတယ်။