ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ ဒီနေ့မနက်က ထိုးစစ် ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက် ၇ နာရီဝန်းကျင်က မြဝတီမြို့နယ်ထဲက ရသေ့ဂူနဲ့ ဖလူးလေးဒေသကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ပြီး ထိုးစစ်ဆင်လာရာကနေ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တိုက်ပွဲက ပြင်းထန်ပါတယ်။ မနက် ၇ နာရီလောက်ကတည်းက တောက်လျှောက် ပြင်းထန်နေတာ။ နေ့လယ် ၁ နာရီခွဲမှာ နည်းသွားပါတယ်။ သူတို့ စစ်ကြောင်း အင်အား အလုံးအရင်းနဲ့ ဝင်လာတာပါ"
စစ်ကောင်စီတပ်ဟာ ဒီလ အစပိုင်းကတည်းက ဖလူးကြီးကျေးရွာအနီး မင်းလက်ပံရွာမှာ အင်အား ၅၀၀ ခန့်နဲ့ တပ်စွဲထားခဲ့ပြီးမှ ဒီနေ့မှာ လေးကေ့ကော် အမြောက်ကုန်းကနေတစ်ဆင့် လက်နက် ကြီး ပစ်ကူနဲ့ ဖလူးလေး - ရသေ့ဂူဒေသဘက်ကို ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ပြောပါတယ်။
ဒီနေ့ ညနေ ၅ နာရီလောက်မှာတော့ လက်နက်ကြီးပစ်ခတ်မှုတချို့ ရှိနေပေမယ့် နှစ်ဖက်တိုက်ပွဲ တွေ ငြိမ်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
လေးကေ့ကော်ဒေသတွင်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ငြိမ်းချမ်းရေးမြို့သစ်လို့ ခေါ်ကြတဲ့ လေးကေ့ကော်မြို့သစ်ကို ဝင်ရောက်စစ်ဆေးရာကနေ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ လက်ရှိ သုံးလကြာချိန်အထိ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။
လေးကေ့ကော်ဒေသက တိုက်ပွဲတွေကြောင့် အနီးနားကျေးရွာနေ ဒေသခံပေါင်း ခုနစ်သောင်း ကျော်ဟာ ထိုင်း - မြန်မာနယ်စပ်တစ်လျှောက်မှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တခြား ထိန်းချုပ်နယ်မြေတွေမှာ လည်း တိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ဖာပွန်မြို့နယ်၊ ဘူးသိုမြို့ ကလော ဒေးကျေးရွာကို လက်နက်ကြီးပစ်ခတ်ရာကနေ ကလေးငယ်နှစ်ယောက်အပါအဝင် ဒေသခံ ခုနစ်ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။