စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်သလို ကိုယ့်သဘောနဲ့ကိုယ် တက်မယ်လို့ပြောတဲ့ အဖွဲ့ဝင်တွေကိုလည်း အရေးယူမယ်လို့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) က မေလ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
LDU အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်ဟာ ဥက္ကဋ္ဌ ကျာခွန်ဆာနဲ့ ဒုဥက္ကဋ္ဌ ကျာဟားတို့ရဲ့ သဘောတူညီချက်မယူဘဲ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေအချို့နဲ့ ဆွေးနွေးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ မနေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုလိုလုပ်တာဟာ ပါတီစည်းကမ်းကို ချိုးဖောက်ရာရောက်လို့ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်နဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်အချို့ကို အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီကဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ အဆင်သင့် မဖြစ်သေးတဲ့အကြောင်း စစ်ကောင်စီကဖွဲ့ထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းကော်မတီ (NSPNC) ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဆီ မေလ ၅ ရက်မှာ LDU ဥက္ကဋ္ဌကိုယ်တိုင် အကြောင်းကြားထားပြီး ဖြစ်သလို မေလ ၆ ရက်နေ့က PPST အစည်းအဝေးကနေလည်း ဒုဥက္ကဋ္ဌက ပြောဆိုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
LDU ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မှာ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပြီး ဥက္ကဋ္ဌ ကျာခွန်ဆိုင်ဟာလည်း အခုနှစ် ဧပြီလအတွင်း စစ်ကောင်စီဥက္ကဋ္ဌ ချီးမြှင့်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ စာရင်းပေးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ထဲမှာ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ပါတယ်လို့ ထုတ်ပြန်ပြောဆို ထားပေမယ့် လက်ရှိ LDU မတက်တော့ဘူး ဆိုတာကြောင့် ကိုးဖွဲ့သာ ကျန်တော့မှာ ဖြစ်ပါတယ်။
လက်ရှိ ဆွေးနွေးပွဲတက်ဖို့ စားရင်းပေးထားတဲ့ အဖွဲ့တွေကတော့ NCA မှာ လက်မှတ် ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KUN/KNLA – PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ဖြစ်ပြီး NCA မထိုးထားတဲ့ “o” ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ဖြစ်ပါတယ်။